တာချီလိတ်၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ


တာချီလိတ် မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ကုန်ရွာ၌ မတ် ၉ ရက်နေ့ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ သည်။

မတ် ၉ ရက်နေ့ နံနက် ၆ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ကုန်ရွာရှိ ပီဒွီ(အမျိုးသား)နှင့် နားမီ (အမျိုးသမီး)တို့၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေရာ နာမီနှင့် ၄င်း၏ တူတော်စပ်သူ အေးလီဆန်(အမျိုးသား)တို့ နှစ်ဦးအား နေအိမ် အောက်ထပ်၌ လည်းကောင်း၊ ပီဒွီအား နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း၌ လည်းကောင်း အသီးသီးတွေ့ရပြီး နာမီနှင့် အေလီဆန် တို့မှ ပူးပေါင်းအဖွဲ့အား ခုခံလုံးထွေး ရန်ပြုနေစဉ် ပီဒွီမှ ၄င်း၏ လက်တွင် အသင့်ကိုင်ထားသော အရိုးအသွား ၁၇ လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုး၍ ခုခံခဲ့ပြီး နေအိမ်ခန်းတံခါးအား အတင်းပိတ်၍ အတွင်းမှ သေနတ်အတိုဖြင့် တစ်ချက်ခုခံပစ်ခတ်ကာ နေအိမ်ဘေးဝရန်တာမှ တစ်ဆင့် ခုန်ချ၍ နေအိမ် နောက်ဘက်ချုံတောများအတွင်းသို့ ဝင်ရောက်ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ဆက်လက်၍ နေအိမ်အောက်ထပ်၌ ခုခံတိုက်ခိုက်နေကြသူ နာမီနှင့် အေလီဆန်တို့အား ဝိုင်းဝန်းထိန်းသိမ်းခဲ့ပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၅ဝ ပြား၊ အလေးချိန် ၂၅ ဂရမ်ခန့်၊ ပွိုင့် ၄၅ ကျည်ဖြင့် ပစ်ခတ်ရသော တစ်လုံးထိုးပြောင်းချော သေနတ်အတို တစ်လက်၊ ပွိုင့် ၄၅ ကျည် သုံး တောင့်၊ ပွိုင့် ၄၅ ကျည်ခွံ တစ်ခု၊ ၁၇ လက်မခန့်ရှိ ဓါးဦးချွန် တစ်ချောင်း၊ ပြောင်းအရှည် တူမီးသေနတ် နှစ်လက်၊ စိတ်ကြွဆေးပြား ရှူရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် ပလပ်စတစ်ဗူး ခြောက်ဗူး၊ နေအိမ်ခြံဝင်းအတွင်းမှ မော်တော်ဆိုင်ကယ် လေးစီးတို့အား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အမှုမှ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လက်နက်ဖြင့် ခုခံခြင်း၊ မူးယစ်ဆေးဝါး/လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခြင်းများအတွက် ပြစ် မှုကျူးလွန်သူ နာမီ (၂၈ နှစ်)၊ အေလီဆန် (၂၈ နှစ်)နှင့် ထွက်ပြေးတိမ်းရှောင်သူ ပီဒွီ (၅ဝ နှစ်)၊ ရန်ကုန်ရွာ၊ တာချီလိတ်မြို့နယ်နေသူတို့အား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင် ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်သူအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ တာချီလိတ်၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.