ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှု သြစတေးလျား ရှေ့နေချုပ် ပယ်ချ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သြစတေးလျား နိုင်ငံရှိ ရိုဟင်ဂျာတွေရဲ့ ကိုယ်စားလှယ်ရှေ့နေတချို့က တရားစွဲဆိုခဲ့တာကို သြစတေးလျား နိုင်ငံတော် ရှေ့နေချုပ် Christian Porter ခရစ်ရှန်း ပေါ်တာက စနေနေ့ မနေ့က ပယ်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူသားဖြစ်တည်မှုကို ဆန့်ကျင်ပြီး ဖိနှိပ်ခြေမှုံးခဲ့မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ အတွက် တာဝန်ရှိသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာတွေရဲ့ ကိုယ်စား ရှေ့နေတဦးဖြစ်တဲ့ Deniel Taylor ဒယ်နီရယ် တေလာ ဆိုသူက မဲလ်ဘုန်းမြို့ ရာဇဝတ်တရားသူကြီးရုံးမှာ သောကြာနေ့က အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

သြစတေးလျား နိုင်ငံတော်ရှေ့နေချုပ် ပေါ်တာက အာဆီယံ - သြစတေးလျား အထူးထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် ဆစ်ဒနီမြို့ကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သံတမန်ကင်းလွတ်ခွင့် အပြည့်အဝနဲ့ လာရောက်တဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေအရ တိုင်းပြည်တခုရဲ့ အကြီးအကဲတွေ ဝန်ကြီးတွေကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုနဲ့ စွဲဆိုရုံးတင်စစ်ဆေးခြင်းတွေ ပြုလုပ်ခွင့်မရှိတဲ့အတွက် အခုလို တရားစွဲမှုကို ခွင့်မပြုနိုင်ကြောင်း မနေ့က ဆုံးဖြတ်ပြောဆိုပြီး ပယ်ချလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ကြိုးစားသူရှေ့နေတွေထဲက နောက်တဦးကတော့ Human Rights for All လူ့အခွင့်အရေးအဖွဲ့က Alison Battison အယ်လီဆန် ဘက်တီဆန် ဆိုသူဖြစ်ပါတယ်။

သြစတေးလျ ဝန်ကြီးချုပ် Malcolm Turnbull မယ်လ်ကမ် တန်းဘူးလ်က သူတို့နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ၃ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေချိန်အတွင်း သူနုဲ့တွေ့ဆုံတဲ့အခါ မြန်မာပြည်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဆွေးနွေးမယ်လို့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဒီအတွင်း ဆစ်ဒနီမြို့က Hyde Park ပန်းခြံမှာ လူတရာခန့်မနေ့က စုဝေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

AFP အေအက်ဖ်ပီ သတင်းမှာတော့ ဆစ်ဒနီမြို့မှာ လူထောင်ပေါင်းများစွာ စနေနေ့က စုဝေးပြီး သြစတေးလျား အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်လာတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တွေကို ဆန္ဒပြခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမဏီခေါင်းဆောင်ဟောင်း အာဏာရှင် ဟစ်တလာ နုတ်ခမ်းမွှေးတပ်ပေးထားတဲ့ ဓါတ်ပုံတွေကိုင်ဆောင်ကာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပြန်လည် အပ်နှင်းဖို့ တောင်းဆိုခဲ့ကြကြောင်း ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှု သြစတေးလျား ရှေ့နေချုပ် ပယ်ချ  ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှု သြစတေးလျား ရှေ့နေချုပ် ပယ်ချ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.