ထိုင်း မြန်မာနယ်စပ် စိတ်ကြွဆေးပြား ၃ သန်း ဖမ်းမိ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဒီရက်ပိုင်းအတွင်းမှာပဲ အိမ်နီးနာချင်းနိုင်ငံတွေကနေလာတဲ့ စိတ်ကြွဆေး ၃သန်းဖမ်းဆီးမိခဲ့ကြောင်းထိုင်းအာဏာပိုင်တွေကထုတ်ဖော်ပြောဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲလောင်မြို့ နယ်အတွင်းမှာ ထိုင်းနိုင်ငံသား စုံတွဲမောင်းလာတဲ့ တိုယိုတာငွေရောင် ကို တားဆီး စစ်ဆေးရာက နေ စိတ်ကြွဆေး အထုတ်ပေါင်း ၃၀၀၀ အလုံးရေ ၃သန်းကိုဖမ်းဆီးမိခဲ့ကြောင်း ချင်းရိုင် ရဲမှူးကြီး ယုထချိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

စိတ်ကြွဆေးကို ၉ ၉ ၉ တဆိပ်နဲ့ ထုတ်နေကြတာဟာ မြန်မာနိုင်ငံအတွင်း ၀ ကိုးကန့်  နယ်မြေကနေ တဆင့် ထိုင်းနိုင်ငံ ချင်းရိုင် ထိုမှတဆင့် ထိုင်း တောင်ပိုင်း မလေးနယ်စပ်အထိ သယ်ယူနေကြတာဖြစ်တယ်လို့ လည်း ထိုင်းအာဏာပိုင်တွေဘက်ကပြောဆိုနေတာပါ။ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ရဲ့ ရှမ်းပြည်လာရှိုးမြို့ ဆက်ဆံရေးရုံးရဲ့ ဒုတိယ တာဝန်ခံ ဦးညီရမ်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းစဉ်မှာ အခုလိုပြောပါတယ်။

“၉၉၉ တံဆိပ်တွေတိုင်းကျနော်တို့ ဝအဖွဲကိုပြောတယ် အဲဒီ မဲခေါင်မြစ်တ၀ိုက်မှာ ကျနော်တို့ အဖွဲတွေ လှုပ်ရှားတာမရှိဘူး ပြည်သူစစ်တွေ လှုပ်ရှားတဲ့နယ်မြေတွေပဲ အောက်ခြေက ကျနော်တို့ ဝတပ်ဖွဲနံမည်ကို သုံးတာမျိုးဆို ကျနော်တို့ ဖမ်းနေတာပဲ။”

ထိုင်းအာဏာပိုင်တွေက မူးယစ်ဆေးအများဆုံး ၀င်ရောက်ရာ မြောက်ပိုင်း ချင်းမိုင်၊ ချင်း
ရိုင် ဒေသက အဝေးပြေးလမ်းတွေနဲ့  နယ်စပ်ခိုးလမ်းတွေမှာပါ ထိုင်းစစ်တပ်နဲ့ ရဲ တွေ မူးယစ်နှိမ်နင်းပူးပေါင်းအဖွဲ့ တွေ က ၂၄ နာရီ လုံး မူယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်သူတွေကို စောင့်ကြည့်စစ်ဆေးနေပြီး ဖမ်းဆီးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ဒေသ မဲအိုင်းခရိုင်အတွင်းမှာ မြန်မာနိုင်ငံသားနှစ်ဦးကို သူတို့ သယ်လာတဲ့ ဘိန်းဖြူ ထုတ်တွေနဲ့ အတူ ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၂ဦးထံကနေ ၁၅ကီလိုခွဲရှိတဲ့ဘိန်းဖြူအထုတ်(၃၀) ထုတ်နဲ့ ထိုင်းဘတ်ငွေ ၃သန်းခြောက်သိန်းပါ ဖမ်းဆီးခဲ့ပါတယ်။

မြန်မာ၊ လာအို၊ ထိုင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးအများဆုံးထုတ်လုပ်ရာနေရာတခုအဖြစ် လူသိများခဲ့ပြီး နှစ်စဉ် စိတ်ကြွဆေးတွေသန်းနဲ့ချီပြီးဖမ်းဆီမိနေတာပါ။ မဲခေါင်မြစ်ကြောင်းတလျောက်မှာရှိတဲ့ ဒီဒေသမှာ ဘိန်းဘုရင်ခွန်ဆာနဲ့ ပတ်သက်တဲ့ လူဟောင်းတွေနဲ့ ပြည်သူ့စစ်တပ်ဖွဲတွေ အတော်များများခြေကုတ်ယူထားတဲ့နေရာတွေဖြစ်ပါတယ်။

မဲခေါင်းမြစ်ကြောင်းတလျောက်မှာ ထိုင်း၊ မြန်မာ၊ လာအို၊ တရုပ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေစုပေါင်းပြီး မူယစ်ဆေးဝါးတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မူတွေကတော့ လျော့ကျသွားတာမျိုး သိသိသာသာမရှိသေးပါဘူး။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ထိုင်း မြန်မာနယ်စပ် စိတ်ကြွဆေးပြား ၃ သန်း ဖမ်းမိ ထိုင်း မြန်မာနယ်စပ် စိတ်ကြွဆေးပြား ၃ သန်း ဖမ်းမိ Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.