အခြေခံစပါးဈေးနှုန်း ကျပ် ၅သိန်း သတ်မှတ်

စပါးစိုက် တောင်သူတွေကို တွေ့ရစဉ်။ Photo: RFA
စပါးပေါ်ချိန်မှာ ဈေးနှုန်းကျဆင်းလေ့ရှိတာကြောင့် ငွေကျပ် ငါးသိန်းအောက် ကျဆင်းခဲ့ရင် စိုက်ပျိုးစရိတ်ကာမိအောင်နဲ့ အမြတ်တစ်စုံတစ်ရာရရှိစေဖို့အတွက် လုပ်ကွက်ငယ်တောင်သူအများစုရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး အခြေခံစပါးဈေးနှုန်း ငါးသိန်းနဲ့ ဝယ်ယူဖို့ ဒီနေ့ ကျင်းပတဲ့ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ဆွေးနွေးပွဲမှာ သတ်မှတ်လိုက်ပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းစပါးဈေး တည်ငြိမ်ဖို့ လိုသလို တောင်သူတွေ ဖံွ့ဖြိုးတိုးတက်ဖို့လည်း အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

အရင်က စိုက်ပျိုးစရိတ်အတွက် တစ်ဧကကို ကျပ် တစ်သိန်း ချေးငွေထုတ်ပေးရာကနေ တစ်သိန်းငါးသောင်းအထိ တိုးမြှင့်ချေးထားသလို မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်ကိုလည်း စနစ်တကျပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကနေ့ သတ်မှတ်တဲ့ အခြေခံစပါးဈေးနှုန်းဟာ ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နဲ့ မိုးစပါးပေါ်ချိန်အတွက် အဓိက ရည်ရွယ်တာဖြစ်ပြီး နောင်နှစ်တွေမှာတော့ ဈေးကွက်ဈေးနှုန်း၊ စိုက်ပျိုးစရိတ် စတဲ့ အချက်တွေပေါ်မူတည်ပြီး ထပ်မံသတ်မှတ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အသင်းဝင် ဆန်စက်တွေ၊ ဆန်စပါးကုန်သည်တွေ၊ အကျိုးဆောင်တွေအနေနဲ့ အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ အဖျင်းအမှော်၊ ဖုန် သဲ ခဲ စတဲ့ အရည်အသွေးဆိုင်ရာစံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက်စပါးကို ၀ယ်ယူရမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အခြေခံစပါးဈေးနှုန်း ကျပ် ၅သိန်း သတ်မှတ် အခြေခံစပါးဈေးနှုန်း ကျပ် ၅သိန်း သတ်မှတ် Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.