တရားဝင် လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃ထောင်ကျော်ရှိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက တရုတ်နိုင်ငံကို တင်ပို့တဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတချို့ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်မှာ အစိုးရခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၃ ထောင်ကျော် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ ကချင်ပြည်နယ် ဦးစီးမှူးရုံး က ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေ က ဒီနေ့ ပြောပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေဟာ စိုက်ပျိုးရေး ကုမ္ပဏီ ၄၂ ခုမှာ လာရောက်လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက က ပြောပါတယ်။

"နိုင်ငံတော်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ပေါ့နော်။ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ Green Card လို့ခေါ်တဲ့ ရာသီချိန်အလုပ်သမားပေါ့နော်။ ကုမ္ပဏီ အားလုံးပေါင်း ၄၂ ခုရှိပါတယ်။ ဒီစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆောင်ရွက်တဲ့လူတွေချည်းပါပဲ။ အားလုံးပေါင်း ကုမ္ပဏီ ၄၂ ခုမှာ ၃ ထောင်ကျော်ရှိပါတယ်။ သူတို့ကို ၃ လ ပေးပါတယ်။ နိုင်ငံတော်ကို ယွမ် ၆၀ တရားဝင် သွင်းရပါတယ်။ လွယ်ဂျယ်အပေါက်က ဝင်တာတွေ ရှိတယ်။ ကန်ပိုက်တီ အပေါက်က ဝင်တာရှိတယ်။"

အဲဒီတရုတ်နိုင်ငံသားတွေဟာ တစ်ရှူးငှက်ပျော၊ ဖရဲ စတဲ့ စိုက်ပျိုးရေးကဏ္ဍတွေအတွက် စိုက်ပျိုးရေး ကျွမ်းကျင်သူ၊ ပိုးမွှားနဲ့ ထုပ်ပိုးရေးကျွမ်းကျင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ကြိမ်မှာ ၃ လ သက်တမ်း နေထိုင်ခွင့်ပေးတဲ့ အဲဒီ Green Card နဲ့ နေထိုင်သူတွေဟာ လိုအပ်တဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ၃ လ ပြည့်တဲ့အခါ သက်တမ်းတိုးတာတွေလည်းရှိပြီး အဲဒီ GC ကဒ်ရဲ့ သက်တမ်းက ၁ နှစ် ဖြစ်ပါတယ်။

တစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာ တရုတ်နိုင်ငံသားတွေ ဝင်ထွက်သွားလာလုပ်ကိုင်နေမှုကို စနစ်တကျစိစစ်ဖို့ အပါအဝင် မြေယာပြဿနာတွေဖြစ်ပွားနေတဲ့ အခြေအနေတွေကို အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မြစ်ကြီးနားမြို့မှာ ဒေသခံတောင်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
တရားဝင် လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃ထောင်ကျော်ရှိ တရားဝင် လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃ထောင်ကျော်ရှိ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.