ဖာပွန်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေ ပြည်နယ်အစိုးရဆီ သတင်းမရောက်သေး

KNU တပ်​မဟာ ၅ နယ်​​မြေမှာ တပ်​မ​တော်​နဲ့ ​ တိုက်​ပွဲဖြစ်​တာ​ကြောင့် ထွက်​​ပြေး​နေရတဲ့ ​ဒေသခံ​တွေကို ​တွေ့ရစဉ်။ Photo: Kyaw Bo Ha - facebook
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရတပ်မတော်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေ တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ပြည်နယ်အစိုးရထံ တရားဝင် သတင်းရောက်ရှိလာခြင်းမရှိဘူးလို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က ဒီနေ့ ပြောပါတယ်။

ဖာပွန်ခရိုင် လယ်မှုပလောဒေသ KNU ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်က ၀င်ရောက်တပ်စွဲလာပြီးနောက် ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီလဆန်းပိုင်းမှာ ပစ်ခတ်မှု သုံးကြိမ်လောက်ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ ၅ က ရုံးတာဝန်ခံ  ဗိုလ်မှူး စောကလဲဒိုးက RFA ကို ပြောထားပါတယ်။

တရားဝင်သတင်းတွေ ပို့လာတာမျိုး မရှိသေးတာကြောင့် အခြေအနေ တိတိကျကျမသိဘူးလို့ ၀န်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က  ပြောပါတယ်။

"ရွာသားတွေ အဲဒီလို ထွက်လာတယ်ဆိုရင် ကျနော်တို့ ထွေအုပ်ဘက်ကနေပြီးတော့ ရယက တို့ ထွေအုပ်တို့ အဲ့ဘက်တွေကနေ တက်လာမှာပေါ့နော်၊ တခြား အစိုးရအဖွဲ့အစည်းတွေကနေ တက်လာမှာပေါ့၊ အခုအဲ့ဒီ အုပ်ချုပ်မှုပိုင်းကနေ ထွေအုပ်ပိုင်းကနေ ဘာမှတက်မလာဘူး၊ သိပ်မဟုတ်လောက်ဘူးထင်တယ်လေ၊ တရားဝင် တက်လာရင်တော့ ကျနော်တို့လည်း တရားဝင်အပေါ်မှာ ရှင်းသွားမှာပေါ့"

တိုက်ပွဲပုံစံမျိုးဖြစ်တာမျိုးမဟုတ်ဘဲ KNU ထိန်းချုပ်နယ်မြေအတွင်း ဒီခေးပူနဲ့ လယ်မှုပလောကြားမှာရှိတဲ့ လမ်းဟောင်း တွေကို တပ်မတော်က လမ်းဖောက်ဖို့ လမ်းကင်းချတာမျိုးတွေရှိလာပြီး အဲဒီအနီးနားရွာက လူတွေက လမ်းဖြတ်ကူး တာတွေ လုပ်ရာမှာ တပ်မတော်ဘက်က ပစ်ခတ်တာမျိုးတွေ ရှိတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ KNU တပ်မဟာ ၅ က ရုံးတာဝန်ခံ  ဗိုလ်မှူး စောကလဲဒိုးက ပြောပါတယ် ။

KNU နဲ့ တပ်မတော်တို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နယ်မြေအေးချမ်းတာကြောင့် ပြန်လည်နေထိုင်နေကြတဲ့ ချိုးပယ်ခို၊ လယ်မှုပလောစတဲ့ ရွာက ဒေသခံတွေဟာ ဒီရက်ပိုင်းမှာ ပစ်ခတ်မှုတွေရှိလို့ ပြန်လည် ထွက်ပြေး တိမ်းရှောင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး JMC ကိုတော့ စာရေးသား ပေးပို့ထားတယ်လို့ KNU တပ်မဟာ ၅ က ရုံးတာဝန်ခံ  ဗိုလ်မှူး စောကလဲဒိုးက ပြောထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဖာပွန်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေ ပြည်နယ်အစိုးရဆီ သတင်းမရောက်သေး ဖာပွန်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေ ပြည်နယ်အစိုးရဆီ သတင်းမရောက်သေး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.