ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ရဲ့ ဟောပြောချက် မူရင်းဖိုင်ကို တရားရုံးပယ်ချ

စာရေးဆရာ ကိုဝေဟင်အောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ Photo: Min Thein Aung/ RFA
ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ရဲ့ မူရင်းဟောပြောချက်အခွေကို တရားခွင်မှာ ဖွင့်ပြခွင့်ရဖို့ စွပ်စွဲခံရသူ ရှေ့နေတွေက စစ်တွေမြို့နယ် တရားရုံးမှာ တင်ပြတာကို တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

တရားလို စွပ်စွဲထားတဲ့ အသုံးအနှုန်းတွေဟာ မူရင်း ဟောပြောချက်တွေမှာ ပါဝင်မှုရှိ မရှိဆိုတာကို တိုက်ဆိုင် စစ်ဆေးဖို့ လိုအပ်တယ်လို့ ကိုဝေဟင်အောင်ဘက်က အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ရသေ့တောင်မြို့မှာ ရခိုင်ဘာသာစကားနဲ့ ဟောပြောခဲ့တာတွေကို ဗမာလို ဘာသာပြန်ထားတဲ့ စာရွက်တွေအပြင် ဖုန်းနဲ့အသံဖမ်းထားတဲ့ ဟောပြောပွဲအသံဖိုင် စီဒီခွေကို အစိုးရက တရားရုံးမှာ သက်သေတင်ပြထားတာဖြစ်ပြီး မူရင်းဟောပြောချက်တွေနဲ့ ကွဲလွဲမှုရှိ မရှိသိနိုင်ဖို့အတွက် စွပ်စွဲခံရသူတွေဘက်မှာရှိနေတဲ့ မူရင်းစီဒီခွေကို ဖွင့်ပြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရုံးချိန်းမှာ တင်ပြခဲ့ကြတာပါ။

အဲဒီတင်ပြချက်နဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်က လုပ်ထုံးလုပ်နည်းအရ သက်သေခံ မတင်သွင်းရသေးတဲ့ အတွက် ဖွင့်ပြဖို့အကြောင်းမရှိဘူးဆိုပြီး တရားရုံးက ပယ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုမှာ ဟောပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ အစိုးရက ဖမ်းဆီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မအတွက် တရားလိုဖြစ်တဲ့ ရသေ့တောင်မြို့မ ရဲစခန်းမှူးကို စစ်ဆေးခဲ့ပြီး ကျန်တဲ့အမှုတွေအတွက်ပါ လာမယ့် မတ်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ရဲ့ ဟောပြောချက် မူရင်းဖိုင်ကို တရားရုံးပယ်ချ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ရဲ့ ဟောပြောချက် မူရင်းဖိုင်ကို တရားရုံးပယ်ချ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.