တောင်သမန်တံတားပေါ်ရှိ ဆိုင်ခန်းများကို ဥပဒေနှင့် အညီ အရေးယူဖယ်ရှား ရှင်းလင်းမည်

 တောင်သမန်တံတားပေါ်ရှိ ဆိုင်ခန်းများကို ဥပဒေနှင့် အညီ အရေးယူဖယ်ရှား ရှင်းလင်းမည်
မန္တလေး ၂၂-၃-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် အတွင်း တောင်သမန်တံတား ပေါ်ရှိ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို ဥပဒေနှင့်အညီ အရေးယူ ဖယ်ရှားရှင်းလင်းမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တောင်သမန်အင်းနှင့် တောင်သမန် တံတားဝန်းကျင် သန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ရေး ကော်မတီ ဥက္ကဋ္ဌဦးမျိုးသစ်က ပြောပြ၍ သိရသည်။

အဆိုပါဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းရန် ယခင်ရှိခဲ့သည့် တောင်သမန်တံတားကြီး ကြပ်မှုကော်မတီနှင့် တောင်သမန်အင်း လေ့လာစောင့်ကြည့်ရေး ကော်မတီနှစ်ရပ်ကို မတ် ၁၉ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော အစည်းအဝေးတွင် တောင်သမန်အင်းနှင့် တောင်သမန်တံတား ဝန်းကျင်သန့်ရှင်း သာယာရေး၊ ရေရှည်တည်တံ့ရေး ကော်မတီအဖြစ် တစ်ခုတည်း ပေါင်းစည်းခဲ့ပြီး ၎င်းကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အရင်ရှိခဲ့တဲ့ ကော်မတီနှစ်ရပ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့တင်ပြပြီး တစ်ခုတည်း ပေါင်းလိုက်တယ်။ အဲဒီကော်မတီမှာ ကျွန်တော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။ တံတားပေါ်မှာ ဖွင့်ထားတဲ့ဆိုင်တွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ဖယ်ရှားမှာပါ " ဟု ၎င်းကဆက်လက် ပြောပြသည်။

လက်ရှိတွင် တောင်သမန် တံတားပေါ်ရှိ ဆိုင်ခန်းများ ရှင်းလင်းရေးအတွက် စိစစ်သုံးသပ်ချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြ ထားသည့် စာရင်းများအရ တံတားပေါ်နှင့် တံတားအောက်တွင် ဆိုင်ခန်းပေါင်း ၆၄ဆိုင်၊ တောင်မင်း ကြီးဘုရားဝန်းကျင်တွင် ဆိုင်ခန်း၈ဝ၊ တောင်သမန်အင်း ဝန်းကျင်တွင် ၁၃ဆိုင်နှင့် မည်စည်တန်းတွင် သုံးဆိုင်ရှိကြောင်း သိရသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily
တောင်သမန်တံတားပေါ်ရှိ ဆိုင်ခန်းများကို ဥပဒေနှင့် အညီ အရေးယူဖယ်ရှား ရှင်းလင်းမည်  တောင်သမန်တံတားပေါ်ရှိ ဆိုင်ခန်းများကို ဥပဒေနှင့် အညီ အရေးယူဖယ်ရှား ရှင်းလင်းမည် Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.