မိတ္ထီလာက အစ္စလာမ်ဘာသာရေးကျောင်းတွေပိတ်

အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာ
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ကလေးငယ်တွေကို နွေရာသီမှာ သင်ပေးတဲ့ အစ္စလာမ် ဘာသာရေး အခြေခံ ယဉ်ကျေး လိမ္မာ သင်တန်းကျောင်းတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ရွာ အေးချမ်း သာယာရေး ထိခိုက်မှာ စိုးလို့ ဆိုပြီး ပိတ်ခိုင်းထားပါတယ်။

မိတ္ထီလာမြို့က စည်းမျဉ်းစည်းကမ်းနဲ့အညီ မဟုတ်တဲ့ အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းတွေ ဘာသာရေး အဆောက်အအုံ တွေမှာ ဘာသာရေး ဆိုင်ရာ ကိစ္စ ဝတ်ပြု ကိုးကွယ် တာတွေ ရှောင်ကြဉ်ဖို့ မိတ္ထီလာ အုပ်ချုပ် ရေးမှူး အမိန့်နဲ့ ထုတ်ပြန်လိုက်ပြီး အခြေခံ ဘာသာရေး သင်တဲ့ ကျောင်းတွေကို မတ်လ ၁၃ ရက်က ပိတ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။
 ထွေအုပ်က ပိတ်ခိုင်း
ခွင့်ပြုချက် မရဘဲ သင်ခွင့် မရှိတဲ့ အတွက် ဒီဘာသာရေး အခြေခံကျောင်းတွေကို ပိတ်ခိုင်းတာလို့ မိတ္ထီလာက အစ္စလာမ် ဘာသာရေးဆရာတဦးက ပြောပြပါတယ်။

ဒီကျောင်းတွေဟာ အရင်အဆက်ဆက်က ခွင့်ပြုမိန့် မယူရဘဲ မျိုးရိုးစဉ်ဆက် သင်လာတဲ့ကျောင်းတွေ ဖြစ်ပါတယ်။

ဒီကျောင်းတွေ ဆက်ဖွင့်ခွင့် ရဖို့ ဆိုင်ရာကို တင်ပြ တောင်းဆိုထားပေမယ့် ခုထိ မပြန်ကြားသေးဘူးလို့လည်း ဆိုပါတယ်။

တားမြစ်တဲ့ကိစ္စ အကြောင်းရင်းကိုသိနိုင်ဖို့ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးကို ဘီဘီစီက ခေါ်ဆိုပေမယ့် ဖုန်းကို ဖြေကြားပေးခြင်း မရှိပါဘူး။

မိတ္ထီလာဟာ လူဦးရေ သုံးသိန်းကျော်နဲ့ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြို့ဖြစ်ပြီး လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေး ဟာ ထိလွယ် ရှလွယ်တဲ့ အနေအထား ဖြစ်တာမို့ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၉၂ နဲ့မညီတဲ့ ဘာသာရေး အဆောက်အဦတွေမှာ ဝတ်ပြုတာ၊ ဘာသာရေး အလှူအတန်းတွေမလုပ်ဖို့ တနှစ်သက်တမ်း တည်မယ့် အမိန့် ထုတ်ပြန် ထားပါတယ်။

မတ်လ ၇ ရက် ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။

BBC Burmese
http://www.bbc.com/burmese
မိတ္ထီလာက အစ္စလာမ်ဘာသာရေးကျောင်းတွေပိတ် မိတ္ထီလာက အစ္စလာမ်ဘာသာရေးကျောင်းတွေပိတ် Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.