သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို

အမျိုးသမီးနဲ့ ကလေးတွေအရေး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့တွေ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနဲ့ တွေ့ဆုံဆွေးနွေးစဉ်/ ဓါတ်ပုံ - အမျိုးသားလွှတ်တော်
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို နှစ်ရှည်ပြစ်ဒဏ်ချမှတ်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲမှာ မထည့်သွင်းဖို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့တွေက အမျိုးသားလွှတ်တော်ရေးရာကော်မတီထံ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

နှစ်ရှည်ပြစ်ဒဏ် ချမှတ်ပြီးတဲ့နောက် လျှော့ရက်တို့  လွတ်ငြိမ်းချမ်းသာခွင့်တို့ မပေးဖို့ တောင်းဆိုသွားတယ်လို့  အမျိုးသားလွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး က ပြောပါတယ်။

"သူတို့ ကြုံဆုံရတဲ့ ပြဿနာရပ်တွေကို တင်ပြကြတယ်၊ တင်ပြပုံ၊ တင်ပြနည်းတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ သို့သော်လည်းဘဲ သူတို့က တောင်းဆိုသွားတာကတော့ အစ်မတို့ ကလေးသူငယ် အခွင့်အရေးထဲမှာလည်း သက်ငယ်မုဒိမ်းကို issue တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ပေါ့နော်၊ သူတို့ ကြုံနေရတဲ့ ပြဿနာရပ်ကို တင်ပြီးတော့ ဥပဒေအရ အကာအကွယ်ပေးဖို့ပေါ့၊ ချုံပြီးတော့ ပြောမယ်ဆိုရင်တော့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ အနှစ် ၂၀ ဆိုတာကိုလည်း လက်သင့်ခံတယ်၊ ဒါကို လျှော့ရက်တို့ လွတ်ငြိမ်းချမ်းသာခွင့်တို့ မပေးဖို့ပေါ့၊ ဒါကိုတောင်းဆိုကြတယ်"

ကလေးသူငယ်အခွင့်အရေး လှုပ်ရှားနေတဲ့ NGO Child Rights Working Group (NCRWG) အဖွဲ့အပါအဝင် အမျိုးသမီးနဲ့ ကလေးတွေအရေးကို တက်ကြွလှုပ်ရှားဆောင်ရွက်နေကြတဲ့ ပြည်တွင်းအရပ်ဖက် လူမှုအဖွဲ့ အစည်းတွေ ဟာ အမျိုးသားလွှတ်တော်  အမျိုးသမီးနဲ့ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီနဲ့ တွေ့ဆုံပြီး အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ကြားနာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကြားနာပွဲမှာ တင်ပြခဲ့တဲ့အကြောင်းအရာတွေကို အမျိုးသားလွှတ်တော်ဥက္ကဌထံ တင်ပြရမှာဖြစ်ပြီး အဲဒီ အကြောင်း အရာတွေဟာ လွှတ်တော်မှာ ဥပဒေတွေ ဆွေးနွေးတဲ့အခါမှာဖြစ်စေ၊ တိုင်ကြားစာတွေ ဆွေနွေးတဲ့အခါမှာဖြစ်စေ အချက်အလက်အနေနဲ့ အသုံးပြုမှာဖြစ်တယ်လို့  ပြောပါတယ်။

ဒါ့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ အရပ်ဖက်အဖွဲ့တွေ နဲ့ ပူးပေါင်းပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေမူကြမ်းကို ရေးဆွဲထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားပါတယ်။

အဲဒီ ဥပဒေမူကြမ်းမှာ မသန်စွမ်းအမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ်မှာ လိင်အကြမ်းဖက်မှု ကျူးလွန်ရင် အနိမ့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ကနေ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်အထိချမှတ်ဖို့ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.