သက်ကြီးအရွယ် ဧရာဝတီလင်းပိုင် အသေတစ်ကောင် တွေ့ရှိ


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာရှေ့ ဧရာဝတီမြစ်ကမ်းတွင် မတ်လ ၂၀ ရက်က သက်ကြီးအရွယ် ဧရာဝတီလင်းပိုင် အသေတစ်ကောင် တွေ့ရှိကြောင်း သိရသည်။

သေဆုံးလျှက်တွေ့ရသောလင်းပိုင် (အမ) သည် ခန္ဓာကိုယ်အလျား ၇ပေ၊ ၃လက်မ ရှိပြီး အချို့သွားများမှာ တိုတုံး၍ အချို့သွားများမှာ မရှိသောကြောင့် အသက် (၃၀ မှ ၄၀) နှစ် ၀န်းကျင်ရှိသော (ဧရာဝတီလင်းပိုင်တို့သည် နှစ် ၃၀ မှ ၅၀ အထိ သက်တမ်းရှည်) သက်ကြီးကောင်အရွယ် ဟူ၍ ပညာရှင်များက သုံးသပ်ကြသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် အသိပညာပေးလုပ်ငန်း များကို ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ ကင်းလှည့်ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် ဘက်ထရီရှော့တိုက်လုပ်ငန်းများ လျော့ကျလာသည်ကို တွေ့ရှိနေရသော်လည်း ဒေသခံများက ဧရာဝတီလင်းပိုင်သေ တွေ့ရှိရာ အနီးတစ်ဝိုက်တွင် ညအချိန်၌ ဘက်ထရီရှော့တိုက် လှေများ လာရောက်ဆောင်ရွက်မှု ရှိ ၍ ဘက်ထရီရှော့တိုက်မှုကြောင့် သေဆုံးခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။


အဆိုပါဧရာဝတီလင်းပိုင်၏ အရွယ်အစားနှင့် သွားများကို လေ့လာသုံးသပ်ခြင်းအားဖြင့် သက်ကြီးကောင်အဆင့် ရောက်ရှိနေပြီဖြစ်သောကြောင့် သဘာဝအတိုင်း သက်တမ်းကုန်ဆုံး၍ သေဆုံးနိုင်သည် ဖြစ်သကဲ့သို့ အစာအိမ်အတွင်း ငါးအစာအပြည့် တွေ့ရသောကြောင့် လူ့ပယောဂ ကြောင့် သေဆုံးခြင်းလည်း ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသော ဒဏ်ရာများ မတွေ့ရှိရသော်လည်း မည်ကဲ့သို့ သေဆုံးသွားသည်ကို သုံးသပ်ရာတွင် အထောက်အကူပြုနိုင်ရန် လင်းပိုင်သေ၏ ကိုယ်တွင်းအင်္ဂါအချို့ကို ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်။

Photo-WCS MYANMAR
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
သက်ကြီးအရွယ် ဧရာဝတီလင်းပိုင် အသေတစ်ကောင် တွေ့ရှိ သက်ကြီးအရွယ် ဧရာဝတီလင်းပိုင် အသေတစ်ကောင် တွေ့ရှိ Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.