အမ်း-မအီကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပေ ၂၀၀ ကျော်ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျ


နေပြည်တော် ၅ မတ်

မတ် ၄ ရက် ည ၁၀ နာရီခွဲခန့်က ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ထန်းချောင်း ကျေးရွာအနီး အမ်း-မအီကားလမ်း မိုင်တိုင်အမှတ် (၅)မိုင် (၂)ဖာလုံ အနီးတွင် သံတွဲမှ စစ်တွေသို့ မောင်းနှင်လာသော ရခိုင်အားမာန် ဟွန်ဒိုင်း မှန်လုံယာဉ်တစ်စီး ပေ ၂၀၀ ကျော်ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်အား ယာဉ်မောင်းဖြစ်သူ ဖိုးညီလေး (၃၀)နှစ် (စုံစမ်းဆဲ) မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ၃၇ ဦး၊ ကုန်ပစ္စည်း အပြည့်ဖြင့် မောင်းနှင်လာစဉ် တောင်ပေါ်သို့ မတက်နိုင်ပဲ နောက်သို့ လှိမ့်ဆင်းကာ ချောက်အတွင်း ထိုးကျခဲ့ခြင်းဖြစ်ကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ သတင်းပေးပို့သဖြင့် အမ်းမြို့နယ် မီးသတ်စခန်းမှ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ကိုးဦး၊ အုပ်ချုပ်မှုယာဉ် တစ်စီးဖြင့် ကူညီကယ်ဆယ်ရေး သွားရောက် ဆောင်ရွက်ခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၃၇ ဦးအနက် အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေး တစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားပြီး ကျန်ယာဉ်ပေါ်ပါ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၅ ဦး ဒဏ်ရာရရှိသဖြင့် အမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် စိုးရိမ်ရ နှစ်ဦး၊ မစိုးရိမ်ရ ၃၁ ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်နောက်လိုက်တို့အား အမ်းမြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် အမ်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးဝါး ကုသခံယူနေသူ ၁၀ ဦးသာ ရှိကြောင်း သိရသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အမ်း-မအီကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပေ ၂၀၀ ကျော်ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျ အမ်း-မအီကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပေ ၂၀၀ ကျော်ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျ Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.