ဆီးရီးယားမြောက်ပိုင်းက အက်ဖရင်မြို့ကို တူရကီသိမ်း

တူရကီ အထူးတပ်ဖွဲ့တွေနဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်တွေက နယ်မြေ ရှင်းလင်းမှုတွေ ဆက်လုပ်နေ
ဆီးရီးယားမြောက်ပိုင်းက အက်ဖရင်ဒေသမှာ ရှိတဲ့ ကာ့ဒ် စစ်သွေးကြွတွေကို သူပုန်အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်တွေနဲ့ အတူ တူရကီက ဝင်ရောက် တိုက်ခိုက်နေရာမှာ အက်ဖရင်မြို့ကို သိမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလို သိမ်းယူမှုနဲ့ ပတ်သက်ပြီး တူရကီ သမ္မတ အယ်ဒိုဝန်က

'အကြမ်းဖက်သမား အများစုက အမြှီးကုပ်ပြီး ပြေးကုန်ကြပါပြီ။

ကျနော်တို့ရဲ့ အထူးတပ်ဖွဲ့တွေနဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်တွေက နယ်မြေ ရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်' လို့ အောင်ပွဲခံ မိန့်ခွန်းပြောခဲ့ပါတယ်။
အက်ဖရင်မြို့ထဲက ကာ့ဒ်အထိန်းအမှတ် ရုပ်ထု တချို့ကို ဆီးရီးယားသူပုန်နဲ့ တူရကီတပ်တွေက ဖျက်ဆီးတာတွေလည်း လုပ်ခဲ့
အက်ဖရင် ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ ပူးတွဲ ဥက္ကဋ္ဌကတော့ ကာ့ဒ်တပ်တွေအတွက် တိုက်ပွဲ အသွင်သစ် တိုက်ဖို့ အချိန်ကျပြီ ဖြစ်ပြီး တူရကီ တပ်တွေကို တောက်လျှောက် အိပ်မက်ဆိုးတွေ မက်ရအောင် လုပ်သွားမယ်လို့ ရုပ်မြင်သံကြားကတဆင့် ကြေညာချက် ထုတ်ခဲ့ပါတယ်။

အက်ဖရင်နယ်သားတွေဟာ စစ်ကို ရှောင်ကွင်းတဲ့ အနေနဲ့ ဘေးလွတ်ရာ ရွှေ့ကြတာ ဖြစ်ပြီး ထွက်ပြေးတာ မဟုတ်ဘူးလို့လည်း အဲဒီ ဥက္ကဋ္ဌက ပြောပါတယ်။

၂ လ ကြာ ဖြစ်ပွားခဲ့တဲ့ အက်ဖရင် တိုက်ပွဲကာလအတွင်းမှာ လူပေါင်း ၁ သိန်းခွဲကျော်က တောင်ဘက်မှာရှိတဲ့ ဆီးရီးယား အစိုးရ အုပ်ချုပ်တဲ့ ဒေသတွေကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
၂ လ ကြာ ဖြစ်ပွားခဲ့တဲ့ အက်ဖရင် တိုက်ပွဲကာလအတွင်းမှာ လူပေါင်း ၁ သိန်းခွဲကျော် ထွက်ပြေးခဲ့ရ
အခုလို အက်ဖရင်မြို့ကို သိမ်းပိုက် နိုင်ခဲ့တဲ့အတွက် ကာ့ဒ် ပြည်သူ့ကာကွယ်ရေး တပ်စု (YPG) ရဲ့ အဓိက ထိန်းချုပ်ရာ နယ်မြေကို သိမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တူရကီ နိုင်ငံသားတွေက သူတို့ အစိုးရကို တညီတညွတ်တည်း ထောက်ခံလာစေဖို့ ဆိုတဲ့ တူရကီသမ္မတ အယ်ဒိုဝန်ရဲ့ ရည်ရွယ်ချက် ၂ ခု အောင်မြင်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် မာ့ခ် လိုဝမ်က သုံးသပ်ထားပါတယ်။

ဆီးရီးယားမြောက်ပိုင်းက YPG အုပ်စုဟာ တူရကီပြည်တွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်သုံးဆယ်ကြာ တိုက်ပွဲဝင် နေတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ (PKK)နဲ့ အဆက်အစပ် ရှိတယ်ဆိုပြီး တူရကီအစိုးရက သူတို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

အမေရိကန် နောက်ခံပြုထားတဲ့ YPG အုပ်စုတွေကတော့ PKK နဲ့ ဘယ်လိုမှ တိုက်ရိုက် ဆက်စပ်မှု မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

အမေရိကန်အစိုးရက သူတို့ကို ကာ့ဒ် နယ်စပ် တပ်ဖွဲ့ ဖွဲ့ပေးမယ် ဆိုတဲ့ ကိစ္စ ပေါ်လာပြီး နောက်ပိုင်းမှာတော့ တူရကီက သံလွင်ခက် စစ်ဆင်ရေး ဆိုပြီး ဆီးရီးယား နယ်နမိတ်ထဲကို စတင် ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တူရကီနယ်စပ် အနီး မန်ဘိဂ်ျမြို့က ကာ့ဒ်တပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက် တိုက်ခိုက်ဖို့ အစီအစဉ်တွေကို တူရကီက ကြေညာထားပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကက် အနီးက သူပုန်သိမ်းနယ်မြေ အရှေ့ဂူတာဒေသ တိုက်ပွဲတွေမှာတော့ အစိုးရက ၈၀ ရာခိုင်နှုန်းအထိ ပြန်သိမ်းနိုင်ခဲ့ပြီး မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဒီဒေသက လူပေါင်း ၂ သောင်းလောက် စစ်ဘေးရှောင်ဖို့ ထွက်ပြေးခဲ့ရတယ်လို့ ရုရှားစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားမြောက်ပိုင်းက အက်ဖရင်မြို့ကို တူရကီသိမ်း ဆီးရီးယားမြောက်ပိုင်းက အက်ဖရင်မြို့ကို တူရကီသိမ်း Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.