ဖိလစ်ပိုင်မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျ သေဆုံးသူ ၁ဝ ဦးထိ ရှိလာ


မနီလာ မတ် ၁၇

လူခြောက်ဦးလိုက်ပါနိုင်သည့် လေယာဉ်ငယ်တစ်စင်းသည် မတ် ၁၇ ရက်တွင် နိုင်ငံမြောက်ပိုင်းရှိ လူနေအိမ်တစ်အိမ်အတွင်းသို့ ပျက်ကျခဲ့ရာ လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

အင်ဂျင်နှစ်လုံးတပ် ပိုက်ပါပီအေ-၂၃ အမျိုးအစား လူခြောက်ဦးလိုက်ပါစီးနင်းနိုင် သည့် လေယာဉ်ငယ်တွင် စီးနင်းလိုက်ပါလာသူငါးဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။ ယင်းလေယာဉ်ပျက်ကျမှုကြောင့် အခြားသေဆုံးရသူ ငါးဦးရှိပြီး၎င်းတို့အထဲတွင် သုံးဦးမှာ နေအိမ်အတွင်း၌ ရှိနေသည့် ကလေးငယ်သုံးဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။

သေဆုံးသွားသူ ၁ဝ ဦးစလုံး၏ ရုပ်အလောင်းများကို အပျက်အစီးများကြားမှ ပြန်ထုတ်ယူခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါလေယာဉ်၏ တောင်ပံတစ်ဖက်သည် အမြင့်ပေ ၄ဝ ရှိ ဓာတ်အားတိုင်တစ်ခုနှင့် တိုက်မိသွားပြီးမှ လေယာဉ်ပျက်ကျကာ နေအိမ်တစ်ခုအတွင်းသို့ ထိုးစင်းကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ၏အဓိကကျွန်းမကြီးဖြစ်သည့် လူဇုံကျွန်းမြောက်ပိုင်းရှိ လိုကော့စ်နော် တေးပြည်နယ် လောင်အက်မြို့သို့ စင်းလုံးငှားခရီးစဉ်အဖြစ် ပျံသန်းလာသည့် အဆိုပါ လေယာဉ်သည် မတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မတော်တဆမှု ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(စီအေအေပီ)က ပြောကြားသည်။

ဆင်ဟွာ
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဖိလစ်ပိုင်မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျ သေဆုံးသူ ၁ဝ ဦးထိ ရှိလာ ဖိလစ်ပိုင်မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျ သေဆုံးသူ ၁ဝ ဦးထိ ရှိလာ Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.