လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်၍ မီးလောင်


နေပြည်တော် မတ် ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့တွင် မတ် ၁၇ ရက် ညနေ ၄ နာရီက ဆီဘောက်ဆာယာဉ်တစ်စီးအရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားရာ နေအိမ်ကိုးလုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က သာဝတ္ထိမြို့ ရန်ကုန် - မန္တလေးကားလမ်း နှင့် သာဝတ္ထိဈေးလမ်းဆုံ မိုင်တိုင်အမှတ် ၂၂ဝ/၃ တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင် လာသော YGN 6I / --------- ၂၂ဘီးဆီဘောက်ဆာ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွား ခဲ့သည်။

မီးလောင်မှုကြောင့် ယာဉ်နောက်လိုက် ဇော်မျိုးဦး(၂၁နှစ်)မှာ မီးလောင် ဒဏ်ရာများ ပြင်းထန်စွာရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ တင်ပို့ထားကြောင်းနှင့် ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ပေါ်တွင် မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် ယင်းဖြစ်စဉ်အနီးရှိ နေအိမ်ကိုးလုံးနှင့် သာဝတ္ထိရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး တို့ မီးလောင်ဆုံးရှုံးသွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိ၍ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သာဝတ္ထိနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေး နေကြောင်း သိရသည်။

သတင်း မင်းမင်းလတ်(မန်းတက္ကသိုလ်)
ဓာတ်ပုံ - ကျော်လှိုင်သင်း(နေပြည်တော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်၍ မီးလောင် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်၍ မီးလောင် Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.