ဖာပွန်-ကမမောင်းလမ်းဘေး စက်သုံးဆီအရောင်းဆိုင် မီးလောင် နေအိမ်တစ်လုံး၊ မော်တော်ယာဉ် နှစ်စီးနှင့်မော်တော်ဆိုင်ကယ်တစ်စီး အပါအ၀င် စက်သုံးဆီပေပါ(၁၁၀)လုံးမီးလောင်ဆုံးရှုံး


ကမမောင်း မတ် ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ဖာပွန်-ကမမောင်းလမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်တွင် မတ်လ ၈ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ်တစ်လုံး၊ မော်တော်ယာဉ်နှစ်စီးနှင့်မော်တော်ဆိုင်ကယ်တစ်စီး အပါအ၀င် စက်သုံးဆီပေပါ(၁၁၀)လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၈ ရက်နေ့ ညနေ ၃နာရီ ၃၅ မိနစ်အချိန်ခန့် ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ဖာပွန်-ကမမောင်းလမ်းဘေးနေ စက်သုံးဆီအရောင်း ဆိုင်ပိုင်ရှင် ဦးစိန်သောင်း၊ ၅၁နှစ်၏ သမီးဖြစ်သူ မ၀င်းဝင်းခိုင်၊၂၄နှစ်သည် နေအိမ်ဆိုင်ခန်းအတွင်း၌ ၁၀ဂါလံဝင် အ၀ါရောင်ကော်ပုံးအတွင်းမှ စက်သုံးဆီများကို (၅)လီတာဆန့် ကော်ဗူးအတွင်းသို့ ဖြည့်တင်းစဉ် အပူချိန်လွန်ကဲသဖြင့် တည်ငြိမ်လျှပ်စစ် ဖြစ်ပေါ်ကာ ပေါက်ကွဲမီးလောင် ကျွမ်းရာမှ နေအိမ်ဆိုင်ခန်းအား မီးကူးစပ်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် အုတ်ကာ၊ပျဉ်ခင်း၊အာစီနှစ်ထပ် အိမ်တစ်လုံး တန်ဘိုး(၄၈)သိန်း၊ စက်သုံးဆီ ဂါလံ(၅၀)ပါ ဆီပေပါ(၁၁၀)လုံး တန်ဘိုး(၁၈၄၂၅၀၀၀)ကျပ်ခန့်၊ ဖူဆိုအမျိုးအစား(၆)ဘီးယာဉ်တစ်စီး တန်ဘိုး(၁၅၀၀၀၀၀)ကျပ်ခန့်၊ ဟိုင်းလတ်အမျိုးအစားမော်တော်ယာဉ် တစ်စီး တန်ဘိုး(၁၀၀၀၀၀၀)ကျပ်ခန့် ၊ ဒရင်းအမျိုးအစား မော်တော် ဆိုင်ကယ်တစ်စီး တန်ဘိုး(၄၀၀၀၀၀)ကျပ်ခန့်၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဘိုး (နှစ်ရာခြောက်ဆယ့်တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်) (၂၆၁၂၅၀၀၀) ကျပ်ခန့် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

မီးလောင်သည့်နေရာသို့ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ် ခဲ့ရာ ပတ်ဝန်းကျင်သို့ကူးစပ်လောင်ကျွမ်းခဲ့ခြင်းမရှိဘဲ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

ထို့ကြောင့် စက်သုံးဆီပိုင်ရှင် ဦးစိန်သောင်းအားကမမောင်းနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖာပွန်-ကမမောင်းလမ်းဘေး စက်သုံးဆီအရောင်းဆိုင် မီးလောင် နေအိမ်တစ်လုံး၊ မော်တော်ယာဉ် နှစ်စီးနှင့်မော်တော်ဆိုင်ကယ်တစ်စီး အပါအ၀င် စက်သုံးဆီပေပါ(၁၁၀)လုံးမီးလောင်ဆုံးရှုံး ဖာပွန်-ကမမောင်းလမ်းဘေး စက်သုံးဆီအရောင်းဆိုင် မီးလောင် နေအိမ်တစ်လုံး၊ မော်တော်ယာဉ် နှစ်စီးနှင့်မော်တော်ဆိုင်ကယ်တစ်စီး အပါအ၀င် စက်သုံးဆီပေပါ(၁၁၀)လုံးမီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.