မြေနုကျွန်းခွဲဝေမှု မမျှတသည့်အတွက် အင်္ဂပူမြို့တွင် တောင်သူ ၅၀ ခန့် ဆန္ဒထုတ်ဖော်


ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ အမြိုင်ကျေးရွာမှ တောင်သူ ၅၀ ခန့်သည် မြေနုကျွန်းများ ခွဲဝေမှု မမျှတ သည့်အတွက် လုပ်ကိုင်ခွင့်များ ဆုံးရှုံးနေရသည်ဟုဆိုကာ မတ်လ ၆ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးမှူးကို အရေးယူပေးရန် အင်္ဂပူမြို့အနှံလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် လူထုဆန္ဒအတည်ပြုပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုဆန္ဒ မျက်ကွယ်ပြုသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးမှူးကို အရေးယူပေးရေးစသည့် ကြွေးကြော်သံများဖြင့် အင်္ဂပူမြို့အနှံ့ နေ့လည် ၁၁း၀၀ နာရီမှ ၁း၀၀ နာရီအထိ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ကျွန်တော်တို့ကတော့ ခုခွဲဝေချထားတဲ့ ကွင်းအမှတ် ၇၂၈ နဲ့ ၇၂၉ မှာ ကျွန်တော်တို့ အမြိုင်က ၁၆ ဧကကျော်ပဲရတယ်။ ဟိုဘက်ကြို့ကုန်းက ဧက ၆၀ ကျော်ရတယ်။ ဒီတော့ ခုလိုမြေနုကျွန်း ခွဲဝေချထားတာကို တရား မမျှတဘူးလို့ ထင်တယ်။ ဒါကြောင့်ဆန္ဒထုတ်ဖော်ရတာပါပဲ။”ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သည့် တောင်သူ ဦးလှမောင်ကပြောသည်။

ဒေသခံများ တောင်းဆိုနေကြသည့် မြေနုကျွန်းဧက ၈၀ ခန့်သည် ပြောင်းဖူးနှင့် ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည့် မြေများဖြစ်ပြီး ၂၀၁၂ ခုနှစ် မြေယာဥပဒေအရ မြေနုကျွန်း ဖြစ်ပေါ်လာပါက အနီးဆုံးကျေးရွာရှိ မြေယာမဲ့များကို ဦးစားပေးရမည်ဖြစ်သော်လည်း ကျွန်းနှင့်ဝေးသည့် ကြို့ကုန်းကျေးရွာကို တာဝန်ရှိသူများက ခွဲဝေပေးခြင်း ကြောင့် အမြိုင်ကျေးရွာနေ တောင်သူများမှ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့က ၂၀၁၂ လယ်ယာမြေဥပဒေအညီ ခွဲဝေချထားတာပါ။ အဲ့ဒီကွင်းထဲကို ဆင်းပြီးတော့ ရုံးခန်း ထဲမှာ သုံးခါ ခေါ်ရှင်းပြတယ်။ မြို့နယ်လယ်ယာမြေ ချထားရေး ကော်မတီကဥပဒေနဲ့အညီ လုပ်ဆောင်ထားကြောင်း ရှင်းပြပြီးသား အဆင့်ဆင့်ကို ခုဖြစ်ပေါ်နေတဲ့အခြေအနေကို အစီရင်ခံစာရေးတင်ပြီးသားပါပဲ ကျွန်တော်တို့ဌာနဆိုင်ရာတွေက ခုဖြစ်စဉ်အပေါ် ဘာအမှားမှ မလုပ်သလို ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ လုပ်ဆောင်ထားတာပါ။”ဟု အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က ပြောသည်။

အင်္ဂပူမြို့နယ် အမြိုင်ကျေးရွာတွင် အိမ်ခြေ ၂၈၆ အိမ်ရှိပြီး မြေယာမဲ့ အိမ် ၁၇၀ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မြေနုကျွန်းခွဲဝေမှု မမျှတသည့်အတွက် အင်္ဂပူမြို့တွင် တောင်သူ ၅၀ ခန့် ဆန္ဒထုတ်ဖော် မြေနုကျွန်းခွဲဝေမှု မမျှတသည့်အတွက် အင်္ဂပူမြို့တွင် တောင်သူ ၅၀ ခန့် ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.