NLD ပါတီ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် ပါတီညီလာခံကို ဒီနှစ်အတွင်း ကျင်းပဖို့ စီစဉ်မယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာက အစည်းအဝေးခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

အဲဒီညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ပြီး လက်ရှိပါတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုအလုပ်အမှုဆောင်တွေလည်း အဲဒီညီလာခံမှာ ပြန်လည်ယှဉ်ပြိုင်ရမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ပါတီရဲ့ လက်ရှိလုပ်ဆောင်ချက်မှန်သမျှဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဦးတည်တယ်လို့လည်း ဆိုပါတယ်။ ဦးဝင်းထိန် ပါတီကနေ နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် သူ့အနေနဲ့ မသိရှိကြောင်းနဲ့ အစည်းအဝေးမှာ ဆွေးနွေးတာမရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပါတီရဲ့ ထိပ်ပိုင်းဦးဆောင်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ၊ နာယကအဖြစ် သူရဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတော့ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့် အပါအ၀င် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၃ ခုနှစ်မှာ ပထမအကြိမ်ပါတီ ညီလာခံကို ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
NLD ပါတီ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည် NLD ပါတီ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည် Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.