ဂုတ်တွင်းလမ်းပိုင်းအနီးမှာ ပစ်ခတ်မှုဖြစ်၊ လူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အကြား ဂုတ်တွင်း လမ်းပိုင်းကို တွေ့ရစဉ်/ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အကြား နောင်ပိန်ကျေးရွာနဲ့ ဂုတ်တွင်း လမ်းပိုင်း မိုင်တိုင်အမှတ် ၈၉ အနီးမှာ ဒီကနေ့မနက် နှစ်နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ကျွဲနဲ့ နွားတွေ တင်ဆောင်လာတဲ့ ကားတန်းကို ပစ်ခတ်တာကြောင့် ကားပေါ်ပါလာတဲ့ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နောင်ပိန်နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေက ပြင်ဦးလွင်နဲ့ ကျောက်မဲ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုတဲ့ နယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

"ပြောရရင်တော့ နွားကားက စီးပွားကူးသန်းကနေပြီးတော့ ပါမစ်နဲ့ပေါ့နော်၊ နိုင်ငံခြားပို့ဖို့။ အဲဒါကတော့ အဖွဲ့အစည်းကတော့ ထုံးစံအတိုင်း၊ ကျနော်တို့လည်း ဘယ်အဖွဲ့အစည်းရယ်လို့တော့ မသိဘူးပေါ့နော်။ လူ လေးယောက် ထိခိုက်တယ်ဗျ။ ကားကို ၀ိုင်းပစ်တော့ ကစဉ့်ကလျားပေါ့ နီးစပ်ရာ ထွက်ပြေးကြတာပေါ့။ တစ်ယောက်က ပြင်ဦးလွင် ဆေးရုံရောက်နေပါတယ်။ သုံးယောက်ကတော့ ကျနော်တို့ ကျောက်မဲဆေးရုံမှာ ကုနေပါတယ်ဗျ"

နွားတွေတင်ဆောင်လာတဲ့ ကား ၅ စီးဖြတ်သန်းအပြီး နောက်ဆုံးက ကျွဲအကောင်နှစ်ဆယ် တင်ဆောင်လာတဲ့ ၁၂ ဘီးကား ပစ်ခတ်ခံရတာဖြစ်ပါတယ်။ အဲဒီကားတွေမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထောက်ခံ ချက် စာရွက်တွေပါလာပြီး တင်ဆောင်လာတဲ့ ကျွဲနွားတွေကို မူဆယ်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီမနက်မှာ ပစ်ခတ်မှုဖြစ်တဲ့နေရာတစ်ဝိုက် နယ်မြေခံတပ်တွေက မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ပြီး ကျောက်မဲ-နောင်ချို လမ်းပိုင်းကို ယာယီပိတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခရီးသွားကားတွေကို ပုံမှန်သွားခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ နေရာတစ်ဝိုက်မှာ အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA အဖွဲ့တွေ လှုပ်ရှားလေ့ရှိသလို တပ်မတော် စစ်ကြောင်းတွေလည်း မကြာခဏဆိုသလို လှုပ်ရှားသွားလာလေ့ရှိတယ်လို့ နောင်ပိန်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းအထိ တပ်မတော်စစ်ကြောင်းတွေက ပစ်ခတ်မှုဖြစ်တဲ့နေရာတစ်ဝိုက် လုံခြုံရေး ဆောင်ရွက်နေ တယ်လို့  ဇီးပင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဂုတ်တွင်းလမ်းပိုင်းအနီးမှာ ပစ်ခတ်မှုဖြစ်၊ လူ ၄ ဦး ထိခိုက်ဒဏ်ရာရ ဂုတ်တွင်းလမ်းပိုင်းအနီးမှာ ပစ်ခတ်မှုဖြစ်၊ လူ ၄ ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.