အိုလံပစ်ပိတ်ပွဲ သမ္မတသမီး Ivanka Trump တက်ရောက်မည်

အမေရိကန်သမ္မတ Donald Trump ရဲ့ သမီး Ivanka Trump နှင့် တောင်ကိုးရီးယားသမ္မတ Moon
တောင်ကိုရီးယားနိုင်ငံမှာ တနင်္ဂနွေနေ့မှာပြီးဆုံးမယ့် ဆောင်းရာသီအိုလံပစ်ပိတ်ပွဲတက်ရောက်ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ သမီး Ivanka Trump ဆိုးလ်မြို့တော်မှာရောက်ရှိနေပါတယ်။ အိုလံပစ်ပွဲတော်ပိတ်ပွဲကို မြောက်ကိုရီးယားအာဏာရပါတီရဲ့ ဗဟိုကော်မတီဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Kim Yong Chul လည်းတက်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်ရော တောင်ကိုရီးယားနိုင်ငံကပါ အရေးယူဒဏ်ခတ်ပြီး ခရီးသွားလာမှုပိတ်ပင်ထားတဲ့ ဗိုလ်ချုပ်ကြီးတယောက်ကို တောင်ကိုရီးယားကို အခုလာခွင့်ပြုခဲ့တာနဲ့ပါတ်သက်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် Brian Padden ရဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က ဆက်ပြီးပြောပြပါမယ်။

တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန်သမ္မတသမီး Ivanka Trump ဟာသောကြာနေ့က Seoul မြို့တော်က တောင်ကိုရီးယား သမ္မတအိမ်တော်မှာ သမ္မတ Moon Jae-in ကိုတွေ့ဆုံပြီး အိုလံပစ်အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့အပေါ် ကျေးဇူးတင်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မယ်ဆိုတဲ့ ဖခင် Donald Trump ရဲ့သတင်းစကားကိုလည်း ပါးခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရအပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားပေါင်းပြီး အပြင်းထန်ဆုံး ဖိအားပေးရေးအတွက်ကိုလည်း Ivanka Trump က သမ္မတ Moon Jae-in နဲ့ဆွေးနွေးခဲ့ပါတယ်။ ခုလိုမြောက်ကိုရီးယားအရေးကို အမေရိကန်သမ္မတသမီးက ဆွေးနွေးခဲ့ပေမဲ့ အိုလံပစ်ပိတ်ပွဲကိုတက်ရောက်မယ့် မြောက်ကိုရီးယားကိုစားလှယ်တွေကိုတော့ Ivanka Trump တွေ့ဆုံမှာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတုန်းက မြောက်ကိုရီးယားက ခေါင်းဆောင် Kim Jong-un ရဲ့ညီမနဲ့ နိုင်ငံတော်ရုပ်ပြခေါင်းဆောင်တို့ကို စေလွှတ်ခဲ့ပေမဲ့ အခုပိတ်ပွဲမှာတော့လက်ရှိအာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီဒုက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Kim Yong Chul ကို ရွေးချယ်စေလွှတ်ထားပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက တောင်ကိုရီးယား ရေတပ်သား ၅၀ နီးပါးသေဆုံးခဲ့တဲ့ ရေတပ်သင်္ဘောအပေါ် တိုက်ခိုက်မှုမှာ တာဝန်ရှိသူဟာ Kim Yong Chul ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီအချိန်က သူဟာ စစ်ထောက်လှမ်းရေးအကြီးအကဲတာဝန် ယူထားသူဖြစ်ပါတယ်။ မြောက်ကိုရီးယားတို့ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။ တောင်ကိုရီးယားရေတပ်သင်္ဘောကို တိုက်ခိုက်မှု။ မြောက်ကိုရီးယား Nuclear လက်နက်အစီအစဉ်မှာ ပါဝင်ပါတ်သက်မှုတို့်နဲ့ Kim Yong Chul အပေါ် အမေရိကန်ရော တောင်ကိုရီးယားကပါ အရေးယူဒဏ်ခတ်ထားပြီး ခရီးသွားလာမှုပိတ်ပင်ထားတာပါ။ ဒါပေမဲ့ အခု အိုလံပစ်ပိတ်ပွဲအခမ်းအနား တက်ရောက်ဖို့ တောင်ကိုရီးယားက ခွင့်ပြုတာနဲ့ပါတ်သက်လို့ တောင်မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Baik Tae-hyun ကသောကြာနေ့က ခုလိုသတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

"လက်ရှိခက်ခဲတဲ့ အခြေအနေတွေအရ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအပေါ် အဓိကအာရုံစိုက်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။ ကိုရီးယား ၂ နိုင်ငံဆက်ဆံရေးတိုးတက်ဖို့က မြောက်ကိုရီးယားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုမှ ရနိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့အတိတ်ကလုပ်ရပ်။ သူတို့ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အဓိကထားနေလို့ မရပါဘူး။"

Kim Yong Chul ရဲ့အတိတ်ကလုပ်ရပ်ကို မျက်ကွယ်ပြုထားဖို့ လက်ရှိတောင်ကိုရီးယားအစိုးရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေလည်းရှိပါတယ်။ Kim ကိုလာခွင့်ပြုတဲ့ အစိုးရဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ အဓိက အတိုက်အခံ Liberty Korea Party က သမ္မတအိမ်တော်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ပါတီခေါင်းဆောင် Kim Sung-tae ကဆိုရင်

"တောင်ကိုရီးယားမြေပေါ် သူရောက်လာရင် ချက်ချင်းဖမ်းဆီးသင့်ပါတယ်။ သတ်တောင်သတ်ပစ်သင့်ပါတယ်။"

အိုလံပစ်ဖွင့်ပွဲတုန်းက မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့တဲ့ အမေရိကန်ဒုသမ္မတ Mike Pence ကြောင့် အခုပိတ်ပွဲမှာ သဘောထားတင်းမာတဲ့ Kim Yong Chul ကို စေလွှတ်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအရေးသုံးသပ်သူတွေက ပြောနေကြပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ လူသတ်အာဏာရှင်အစိုးရဖြစ်တယ်လို့ ဒုသမ္မတ Pence ကပြောကြားခဲ့တာပါ။ မြောက်ကိုရီးယားက Nuclear အစီအစဉ် စွန့်လွှတ်အောင် တဖက်သတ်အပြင်းအထန်ဖိအားပေးသွားမှာဖြစ်သလို လိုအပ်ရင် စစ်ရေးအရ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။ အိုလံပစ်ဖွင့်ပွဲလာတဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်တွေနဲ့ သူတွေ့ဆုံဖို့ပြင်ဆင်ခဲ့ပေမဲ့ မြောက်ကိုရီးယားဖက်က နောက်ဆုံးအချိန်မှာ ကပ်ပြီးဖျက်ခဲ့တယ်လို့လည်း Pence ကနောက်ပိုင်းမှာပြောကြားခဲ့ပါတယ်။ ပြင်းထန်တဲ့ဖိအားပေးတဲ့တချိန်ထဲမှာ မြောက်ကိုရီးယားနဲ့ အလွတ်သဘောဆွေးနွေးဖို့ အမေရိကန်ဖက်က လမ်းဖွင့်ထားတယ်လို့လည်းဆိုပါတယ်။ ခုလို Trump အစိုးရက မြောက်ကိုရီးယားနဲ့ပါတ်သက်လို့ သဘောထားအမြင်အမျိုးမျိုးဖြစ်နေတာ ရှင်းရှင်းလင်းလင်းမရှိဘူးလို့ လေ့လာသူတချို့က ပြောကြပါတယ်။ တောင်ကိုရီးယားသမ္မတကတော့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ဖို့ လိုလားတယ်ဆိုတာကို လက်တွေ့လုပ်ပြနေပါတယ်။ ရှေ့သီတင်းပါတ်ကျရင် ၂ နိုင်ငံ နယ်စပ်က Panmunjom အရပ်မှာ တောင်နဲ့မြောက်ကိုရီးယားကြား ပူးတွဲ လုပ်ငန်းအဆင့်ဆွေးနွေးပွဲကို ရှေ့သီတင်းပါတ်ကျင်းပမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

စုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အိုလံပစ်ပိတ်ပွဲ သမ္မတသမီး Ivanka Trump တက်ရောက်မည် အိုလံပစ်ပိတ်ပွဲ သမ္မတသမီး Ivanka Trump တက်ရောက်မည် Reviewed by THITHTOOLWIN on 08:23 Rating: 5
Powered by Blogger.