မြောက်ကိုးရီးယားအပေါ် အမေရိကန်က 'အကြီးမားဆုံး' ပိတ်ဆို့မှုတွေ လုပ်

 သင်္ဘောလိုင်းတွေကို အရင်ကတည်းက စစ်ဆေးခဲ့ပေမယ့် ထိရောက်မှုမှာ အကန့်အသတ်တွေ ရှိခဲ့
အမေရိကန်ဟာ မြောက်ကိုးရီးယားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်အတွေ လုပ်လိုက်ပြီး အခုချိန်ထိ အရေးယူပိတ်ဆို့ပြီးသလောက် အကြီးမားဆုံး ဖြစ်လာမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

မြောက်ကိုးရီယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ မစ်ဆိုင်းဒုံးကျည်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ နိုင်ငံတကာဘက်က ပိတ်ဆို့မှုတွေကို အရင်ကတည်းက လုပ်ထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုးရီးယားဘက်က စမ်းသပ်မှုတွေ ဆက်လုပ်နေတဲ့အတွက် အခု အမေရိကန်က နောက်ထပ်ပိတ်ဆို့အရေးယူမှု လုပ်ရာမှာတော့ မြောက်ကိုးရီးယားမှာရှိတဲ့ သင်္ဘောနဲ့ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတွေအပြင် တရုတ်နဲ့ ထိုင်ဝမ်တို့မှာရှိတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာတွေ ပါဝင်ပါတယ်။

မြောက်ကိုးရီယားမှာ အခြေစိုက်တဲ့ သင်္ဘောလိုင်းကုမ္ပဏီ ၁၆ ခု ပါပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားနဲ့ ကုန်သွယ်မှုလုပ်တဲ့ ကျန်တဲ့ကုမ္ပဏီတွေအဖြစ် ဟောင်ကောင်၊ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တို့က ကုမ္ပဏီတချို့အပြင် ပနားမားမှာ တစ်ခုနဲ့ စင်္ကာပူက ကုမ္ပဏီတစ်ခုတို့ ပါပါတယ်။ ပိတ်ဆို့တဲ့အထဲမှာ သင်္ဘော ၂၈ စီးလည်း ပါဝင်ပါတယ်။

ဒီလို ပိတ်ဆို့အရေးယူမှု လုပ်ရတာကတော့ မြောက်ကိုးရီးယားဘက်ကနေ နျူကလီးယား အစီအစဉ် ရပ်တန့်လာစေဖို့ပါ။

သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောတာက တကယ်လို့ မြောက်ကိုးရီးယားဘက်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ မရပ်ရင် နောက်ဆက်တွဲရလဒ်တွေက ပြင်းထန်မယ်လို့ သတိပေးလိုက်ပါတယ်။

''ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ရင် ဒုတိယအဆင့်ကို သွားရလိမ့်မယ်။ ဒုတိယအဆင့်က အလွန်ပြင်းထန်မယ်။ ကမ္ဘာကြီးအတွက် ကံဆိုးနိုင်တယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေက အလုပ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်''လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ဒုတိယအဆင့်က ဘာလဲဆိုတာ အသေးစိတ်တော့ သမ္မတထရမ့်က မပြောပါဘူး။

လောလောဆယ်တော့ အမေရိကန်ဟာ မြောက်ကိုးရီယားက နျူကလီးယားနဲ့ဒုံးကျည်အစီအစဉ်တွေ လုပ်ဖို့ လိုအပ်တဲ့ ဝင်ငွေရပေါက်ရလမ်းတွေနဲ့ လောင်စာ လမ်းကြောင်းတွေကို ပိတ်ဆို့တာ၊ ပိတ်ဆို့ထားပြီးသား အခြေအနေကနေ ရှောင်တိမ်းလုပ်ဆောင်နေနိုင်တာတွေကို လိုက်လံ ပိတ်ဆို့နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ကိုးရီးယားအပေါ် အမေရိကန်က 'အကြီးမားဆုံး' ပိတ်ဆို့မှုတွေ လုပ် မြောက်ကိုးရီးယားအပေါ် အမေရိကန်က 'အကြီးမားဆုံး' ပိတ်ဆို့မှုတွေ လုပ် Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.