လူလုပ်ကျွန်းပေါ်က တရုတ်ရဲ့ စစ်ရေးဆိုင်ရာ အဆောက်အဦးတွေက အမေရိကန် ရန် ကာကွယ်ဖို့လို့ ဒူတာတေးပြော


တောင်တရုတ်ပင်လယ်ထဲက လူလုပ်ကျွန်းပေါ်မှာ တရုတ်က စစ်ရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက်နေ တာဟာ ဒေသတွင်းနိုင်ငံတွေကို ရန်ပြုဖို့ထက် အမေရိကန်ရဲ့ ရန်က ကာကွယ်ဖို့ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပါတယ်။

တရုတ်ရဲ့ စစ်ရေးဆိုင်ရာ အဆောက်အဦးတွေကို ဒေသတွင်း နိုင်ငံတွေအတွက် ရည်ရွယ်ပြီး ဆောက်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အာဏာစက်ကို ဖျက်ဆီးနိုင်တယ်လို့ တရုတ်က ထင်ထားတဲ့ အမေရိကန် ရန်က ကာကွယ်ဖို့ ဆောက်ခဲ့တာပါလို့ ဒူတာတေးက တရုတ်၊ ဖိလစ်ပိုင် စီးပွားရေးသမားတွေကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်က အဲဒီလူလုပ်ကျွန်းပေါ်မှာ စစ်ရေးဆိုင်ရာ အဆောက်အဦးတွေ မဆောက်ခင်ကတည်းက စပါတလေ ကျွန်းစုပေါ်မှာ ကာကွယ်ရေးဆိုင်ရာ အဆောက်အဦးတွေ မဆောက်ခဲ့တဲ့ ဖိလစ်ပိုင် အစိုးရဟောင်းကိုလည်း သမ္မတ ဒူတာတေးက အပြစ်တင်လိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၃ ထလီလီယံဖိုးလောက် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်ခုတ်မောင်းနေတဲ့ အချက်အခြာကျတဲ့ တောင်တရုတ်ပင်လယ်ထဲက နယ်မြေအားလုံးလိုလိုကို သူပိုင်အဖြစ် တရုတ်က ပြောဆို ထားပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က အဲဒီပင်လယ် ရေပိုင်နက်ထဲက နယ်မြေ တချို့ဟာ သူတို့ပိုင်အဖြစ် ငြင်းဆိုထားကြပါတယ်။

တောင်တရုတ် ပင်လယ်ပြင်ထဲက လူလုပ်ကျွန်းပေါ်မှာ တရုတ်က စစ်ရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက် ထားတာကို အမေရိကန်က ဝေဖန်ပြောကြားလိုက်ပြီး အဲဒီလို ဆောက်လိုက်တာဟာ ပင်လယ်ပြင်ထဲက ရေလမ်းကြောင်းမှာ လွတ်လပ်စွာ ကုန်သွယ်မှုကို ကန့်သတ်လိုက်သလိုဖြစ်မှာကို စိုးရိမ်တယ်လို့လည်း ပြော ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ဟာ တောင်တရုတ် ပင်လယ်ထဲက ရေပိုင်နက်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အချင်းများခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဒူတာတေး အာဏာရလာပြီးနောက်ပိုင်း ဆက်ဆံရေးပိုမိုကောင်း မွန်လာပါတယ်။

သမ္မတ ဒူတာတေးဟာ စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်အပေါ်မှာ မျှော်လင့်ချက်ထားသူဖြစ်ပါတယ်။

ဒူတာတေးဟာ တောင်တရုတ် ပင်လယ်ထဲက ဖိလစ်ပိုင်ရဲ့ အကျိုးစီးပွားကို လုံလုံလောက်လောက် မကာကွယ် ဘူးဆိုတဲ့ သူ့အပေါ် ဝေဖန်ချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။ နိုင်မှာမဟုတ်တဲ့ စစ်ပွဲကို သူ့အနေနဲ့ ဝင်တိုက်မှာ မဟုတ်ဘူးလို့ သမ္မတ ဒူတာတေးက ပြောဆိုခဲ့ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
လူလုပ်ကျွန်းပေါ်က တရုတ်ရဲ့ စစ်ရေးဆိုင်ရာ အဆောက်အဦးတွေက အမေရိကန် ရန် ကာကွယ်ဖို့လို့ ဒူတာတေးပြော လူလုပ်ကျွန်းပေါ်က တရုတ်ရဲ့ စစ်ရေးဆိုင်ရာ အဆောက်အဦးတွေက အမေရိကန် ရန် ကာကွယ်ဖို့လို့ ဒူတာတေးပြော Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.