ရိုဟင်ဂျာတွေ အမြန်ဆုံးပြန်ပို့ရေး ဗြိတိန် ဝန်ကြီးပြောကြား


ဗြိတိသျှနိုင်ငံခြားရေးနဲ့ ဓနသဟာယဝန်ကြီး Boris Johnson ဘောရစ် ဂျွန်ဆင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိ နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို အလျှင်အမြန် စတင်ဖို့ လိုအပ်ပါတယ်၊ အဲဒီ ပြန်ပို့ရေး ကိစ္စ နှောင့်နှေးကျန့်ကြာတာနဲ့အမျှ အခြေအနေတွေ ပိုမိုရှပ်ထွေးလာနိုင်တယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရှိတ် ဟာစီနာနဲ့ ဒါကာမြို့မှာ သောကြာနေ့ညနေက တွေ့ဆုံဆွေးနွေးစဉ်အတွင်း ဗြိတိန်ဝန်ကြီးက အခုလိုပြောကြားခဲ့တာပါ။ ဝန်ကြီးချုပ် ဟာစီနာကလည်း အလားတူရှုမြင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီ ဒုက္ခသည်တွေ နေရပ်ပြန်ရောက်ပြီးနောက်ပိုင်းမှာလည်း သူတို့ကို ကူညီစောင့်ရှောက်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ခွင့်ပြုသင့်ကြောင်း သူတို့ ၂ ဦးလုံး က ယူဆကြတယ်လို့ ဝန်ကြီးချုပ်ရုံးပြန်ကြားရေးအရာရှိ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ဒုက္ခသည် ၁ သန်းကျော်ကို စောင့်ရှောက်ထားရတာဟာ သူတို့နိုင်ငံအတွက် ဧရာမ ဝန်ထုတ်ဝန်ပိုးတခုဖြစ်နေကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြသနာအဆုံးသတ်ရေးအတွက် ရိုးသားပွင့်လင်းစွာ ဆောင်ရွက်ဖို့လိုကြောင်းနဲ့ ကိုဖီအာနန်အစီရင်ခံစာပါ အချက်တွေကို အကောင်အထည် ဖေါ်ဖို့ အရေးကြီးကြောင်း စသဖြင့်လည်း ပြောဆိုတယ်လို့ ဒါကာတရီဗြွန်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ရိုဟင်ဂျာတွေရဲ့ ဆင်းရဲဒုက္ခဟာ မိမိတို့မျက်မှောက်သမိုင်းမှာ အဆိုးဝါးဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကဒ်ဆိုက်မှုကြီး တခုဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဆက်လက်သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမယ်လို့ လန်ဒန် တယ်လီဂရဖ် သတင်းစာက ဖေါ်ပြပါတယ်။

ဒီအတောအတွင်း မြန်မာ ကက်သလစ်ကာဒီနယ် ဘုန်းတော်ကြီး မောင်ဘိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်ဆလင်တွေအနေနဲ့ မြန်မာပြည်ကို ပြန်ဖို့မနီးစပ်ကြောင်းနဲ့ လက်ရှိသတင်းတွေအရ အဲဒီသူတွေ လူမျိုးတုံးရှင်းလင်းမှုနဲ့ တွေ့ကြုံရင်ဆိုင်ပြီး ရခိုင်ပြည်နယ်က မှောင်းထုတ်ခံခဲ့ရတယ်ဆိုတာ မှန်ကန်ဖွယ် ရှိကြောင်း ဗာတီကန်မှာ မနေ့က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ သူက မြန်မာပြည်ဖွဲ့စည်းပုံ ဥပဒေအရ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်ကို အုပ်ချုပ်အမိန့်ပေးခွင့်လည်း မရှိဖူးလို့ ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာတွေ အမြန်ဆုံးပြန်ပို့ရေး ဗြိတိန် ဝန်ကြီးပြောကြား ရိုဟင်ဂျာတွေ အမြန်ဆုံးပြန်ပို့ရေး ဗြိတိန် ဝန်ကြီးပြောကြား Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.