မြန်မာကို မြောက်ကိုရီးယား ဒုံးပျံရောင်းဟု ကုလပြော


မြောက်ကိုရီးယားအစိုးရဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပိတ်ဆို့ချက်တွေကို ရှောင်ရှားပြီး တားမြစ်ပစ္စည်းတွေ ရောင်းချမှုကနေ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၂ဝဝ နီးပါး ဝင်ငွေ ရရှိခဲ့ကြောင်း နဲ့ မြန်မာအစိုးရကို အမြင့်ပျံပဲ့ထိန်းဒုံးပျံတွေ ရောင်းချတဲ့ အထောက်အထားတွေလည်း တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုက သောကြာနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက လက်နက်ရောင်းချရေးကုမ္ပဏီဖြစ်တဲ့ KOMID (Korea Mining Development Trading Corporation) နဲ့ ဆက်လက်ပူးပေါင်း ဝယ်ယူနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ပါရှိပါတယ်။ အဲဒီ ကုမ္ပဏီဟာ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ စာရင်းမှာ ပါဝင်ပါတယ်။

အမည်ဖေါ်ပြခြင်းမရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုက မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားကနေ ရော့ကက်လောင်ချာနဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စတဲ့ သမရိုးကျ လက်နက်တွေအပြင် အမြင့်ပျံပဲ့ထိန်း ဒုံးပျံစနစ်ကိုပါ ဝယ်ယူခဲ့ကြောင်း ကုလ စုံစမ်းရေးအဖွဲ့ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား သံတမန်တွေ၊ အထူးသဖြင့် ကုန်သွယ်ရေးကိုယ်စားလှယ်တွေဟာ လက်နက်ရောင်းချရေးနဲ့ တပ်မတော် နည်းပညာရှင်တွေ အပြန်အလှန်သွားရောက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေကို ကူညီဆောင်ရွက် ပေးနေကြတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က မြောက်ကိုရီးယားနဲ့ မြန်မာအကြား လက်နက်ရောင်းဝယ်မှု တစုံတရာမရှိတော့ပဲ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက လိုက်နာ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

မြောက်ကိုရီုးယား နိုင်ငံဟာ ကျောက်မီးသွေး၊ သံ၊ သံမဏိစတဲ့ တွင်းထွက်ပစ္စည်းတွေကို တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ ရုရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကို နည်းမျိုးစုံသုံးပြီး လှို့ဝှက်တင်ပို့ရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီအတောအတွင်း ဂျာမဏီနိုင်ငံ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက မြောက်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံရဲ့ နူကလီယာလက်နက်နဲ့ ဒုံးပျံထုတ်လုပ်ရေးအစီအစဉ်တွေအတွက် လိုအပ်တဲ့ပစ္စည်းနဲ့ နည်းပညာတွေကို ဘာလင်မြို့မှာ ရှိတဲ့ သံရုံးကနေတဆင့် ဝယ်ယူရရှိနေတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဘာလင်မှာရှိတဲ့ မြောက်ကိုရီးယားသံရုံးဟာ အဲဒီပစ္စည်းတွေကို အလွန်အမင်းများပြားစွာဝယ်ယူနေကြောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအကြီးအကဲ Hans-Georg Maassen ဟန်းစ် ဂီးယိုး မေဆင် နဲ့ ဂျာမဏီ ပြည်သူ့ရုပ်မြင်သံကြားဌာန ARD တွေ့ဆုံမေးမြန်းခန်းကို တနင်္လာနေ့ ထုတ်လွှင့်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာကို မြောက်ကိုရီးယား ဒုံးပျံရောင်းဟု ကုလပြော မြန်မာကို မြောက်ကိုရီးယား ဒုံးပျံရောင်းဟု ကုလပြော Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.