ဒလတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ ၉ဝ ရာခိုင်နှုန်းပြောင်းရွှေ့ ပြီး


ရန်ကုန် ဖေဖော်ဝါရီ ၃

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမတစ်လျှောက်ရှိ နေအိမ်များ၊ ဈေးဆိုင်များနှင့် အဆောက်အအုံများကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ အပြီးသတ်ရွှေ့ပြောင်းပေးနိုင်ရန် တင်ပြထားပြီးဖြစ်ရာ ဖေဖော်ဝါရီ ၃ ရက် အထိ စီမံကိန်းနှင့် မလွတ်ကင်းသည့် နေအိမ်များနှင့် ဈေးဆိုင်ခန်းများ ၉ဝ ရာခိုင်နှုန်း ပြောင်းရွှေ့ဖယ်ရှာပေးပြီးဖြစ်ကြောင်း၊ ကမာကဆစ်ကူးတို့သမ္ဗန်ဆိပ် မြို့နယ်နာရေးကူညီမှုအသင်း ရုံးနှင့် သာသနိကအဆောက်အအုံ အနည်းငယ်တို့အား ပြောင်းရွှေ့နေရာချပေးရန် ကျန်ရှိနေကြောင်း ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားစီမံကိန်း မကြာမီတည်ဆောက်တော့မည်ဖြစ်ရာ နေ့စဉ်သွားလာနေသော ဒေသခံပြည်သူတစ်ဦး က ''ဒလမြို့နယ် ကမာကဆစ်ကူးတို့ သမ္ဗန်ဆိပ်မှ ရန်ကုန်ဘက်ကမ်းကို စက်တပ်သမ္ဗန် များနဲ့ လုပ်သားပြည်သူများ၊ ဝန်ထမ်းများနဲ့ ခရီးသွားပြည်သူများစွာတို့ကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါတယ်၊ တံတားကြီး စတင်ရင်တော့ ကမာကဆစ် သမ္ဗန်ဆိပ်ကို ပြောင်းရွှေ့ပေးဖို့နဲ့ ခရီးသည်များ သွားလာရေး အဆင်ပြေအောင် ကူးတို့နေရာသစ် ထားရှိပေးဖို့ လိုအပ်ပါတယ်၊
အခုတံတားကို ပြည်သူအများက မျှော်လင့်နေ ကြတာပါ၊ ရန်ကုန်မြစ်အတွင်းမှာ စက်တပ်သမ္ဗန်တွေနဲ့ မိုးလင်းကနေ မိုးချုပ်အထိ သွားလာနေကြတဲ့ ပြည်သူတွေရဲ့ အသက် အန္တရာယ်လုံခြုံမှုမရှိတာကြောင့် ဒီတံတားကြီး တည်ဆောက်မှ ပြည်သူအားလုံးရဲ့ ဆန္ဒတွေ၊ လုံခြုံမှုတွေ ပြည့်ဝလာနိုင်မှာပါ၊ တံတားကြီး တည်ဆောက်ပြီးစီးသွားရင် ဒီဒေသတစ်ခုနဲ့ တစ်ဆက်တည်းရှိတဲ့ ဒေသတွေပါ အားလုံး ဖွံ့ဖြိုး တိုးတက်လာမှာပါ၊ မြစ်အတွင်း မကြာခဏဖြစ် ပွားနေတဲ့ စက်သမ္ဗန်တွေ တိမ်းမှောက်မှုတွေ ကြောင့် လူ့အသက်တွေ အလွယ်တကူ ဆုံးရှုံးခဲ့ ရတာကြောင့် ရန်ကုန်မြစ်ကို ဖြတ်ကျော်မယ့် တံတားတစ်စင်း အလွန်လိုအပ်ပါတယ်'' ဟု ၄င်း၏အမြင်ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗန်ဆိပ် ခြောက်ခုရှိရာ ကမာအောင် ကူးတို့ဆိပ်၌ အစင်း ၁၈ဝ၊ ရေကန်ကူးတို့ဆိပ်၌ ၂၂ စင်း၊ တံလျှပ်ကူးတို့ဆိပ်၌ ၄၆ စင်း၊ ဆာပါချောင်ကူးတို့ဆိပ်၌ ၄၁ စင်း၊ ကျောင်းစု(စက်မြေ)ကူးတို့ဆိပ်၌ ၂၂ စင်း၊ ကျောင်းစု(လက်/ခပ်)
ကူးတို့ဆိပ်၌ အစင်း ၂ဝ စုစုပေါင်း ၃၃၁ စင်းရှိပြီးသမဝါယမအသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် ငါးဆိပ်၌သမ္မတကမ်းခြေ ကူးတို့ဆိပ်၌ ၃၄ စင်း၊ ကမာကသွယ်ကူးတို့ဆိပ်၌ အစင်း ၃ဝ၊ ကမာကဆစ်ကူးတို့ဆိပ်၌ ၄၁ စီး၊ စက်မြေကူးတို့ဆိပ်၌၃၁ စင်း၊ မှော်စက်ကူးတို့ဆိပ်၌ ၃၁ စင်း စုစုပေါင်း
၁၆၇ စင်းရှိပြီး ဒလမြို့နယ်တွင် စက်တပ်သမ္ဗန်ပေါင်း ၄၉၈ စင်းနှင့် ကုန်တင်အစင်း ၂ဝ ရှိကြောင်း၊နေ့စဉ် စက်တပ်သမ္ဗန်ကူးတို့ဆိပ်၌ သွားလာကြသော ခရီးသည်များနှင့် ဒလ-ပန်းဆိုးတန်း သင်္ဘောဆိပ်ကမ်းမှ ပို့ဆောင်ပေးလျက်ရှိသော ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) တို့ဖြင့် ဒေသခံ
ပြည်သူများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ သွားလာကြသော ခရီးသွားပြည်သူပေါင်း တစ်သိန်းဝန်းကျင်နှင့် နေ့ထူးနေ့မြတ်တို့၌ တစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဒလတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ ၉ဝ ရာခိုင်နှုန်းပြောင်းရွှေ့ ပြီး ဒလတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ ၉ဝ ရာခိုင်နှုန်းပြောင်းရွှေ့ ပြီး Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.