နယ်စပ်က၀င်တဲ့ တရုတ်နိုင်ငံသားတွေကို မြစ်ကြီးနားမှာသာ လည်ပတ်ခွင့်ပြု

ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကို တွေ့ရစဉ်/ Photo: Kyaw Myo Min/RFA
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကနေ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံ သားတွေကို မြစ်ကြီးနားခရိုင်အတွင်းမှာသာ ၁၃ ညအိပ် လည်ပတ်ခွင့်ပြုထားပြီး၊ အခြားဒေသတွေကို သွားလာခွင့် မပြုဘူးလို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေတဆင့် နိုင်ငံခြားသားတွေ လာရောက်မှုနဲ့ ပတ်သက်လို့ နောင်မွန် မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က လွှတ်တော်မှာ ဒီကနေ့ မေးမြန်ရာမှာ ဝန်ကြီးက အဲဒီလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနယ်စပ်ဂိတ်ကနေ စီးပွားရေးလုပ်ငန်းနဲ့ ဒေသခံကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့ Work Permit ကိုလည်း ထုတ်ပေးခြင်းမရှိကြောင်းနဲ့ ရေအားလျှပ်စစ်၊ လမ်းတံတား၊ စိုက်ပျိုးရေး စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတို့ရဲ့ ခွင့်ပြုချက်နဲ့ နေထိုင်လုပ်ကိုင်သူတွေတော့ ရှိတယ်လို့ သိရပါတယ်။

အဲဒီလူတွေ နေထိုင်ခွင့်အတွက် အခွန်ငွေ တရုတ်ယွမ် ၆၀ ကောက်ခံပြီး ၃ လ သက်တမ်းရှိတဲ့ Green Card ကို ထုတ်ပေးတာတွေရှိတယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

ပြည်နယ်အတွင်းက ပုဂ္ဂလိကလုပ်ငန်းမျိုးစုံမှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂ ထောင်ကျော်ရှိကြောင်း ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြီးခဲ့တဲ့ နှစ် မေလအတွင်းမှာ RFA ကို ပြောထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ကနေ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအထိ ၃ နှစ်တာကာလအတွင်း နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀၀ ကျော်ကို  ဖမ်းဆီးအရေးယူခဲ့တယ်လို့ အရင်နှစ် စက်တင်ဘာ လမှာ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူက RFA ကို ပြောဆိုခဲ့ဖူးပါတယ်။

RFA Burmese
https://www.rfa.org/burmese
နယ်စပ်က၀င်တဲ့ တရုတ်နိုင်ငံသားတွေကို မြစ်ကြီးနားမှာသာ လည်ပတ်ခွင့်ပြု နယ်စပ်က၀င်တဲ့ တရုတ်နိုင်ငံသားတွေကို မြစ်ကြီးနားမှာသာ လည်ပတ်ခွင့်ပြု Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.