ကျောက်မိုင်းယမ်းခွဲရာမှ လူနေအိမ်များကို ကျောက်ခဲကြီးများ ထိမှန်

တစ်ခါဖြစ် တစ်ခါ အမည်ပြောင်း နေသော ကျောက်မိုင်းယမ်းခွဲရာမှ လူနေအိမ်များကို ကျောက်ခဲကြီးများ ထိမှန်ပြန်ပြီ
ပေါင် - ဖေဖေါ်ဝါရီ ၁၀

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံက ကျေးရွာ တောင်ပေါ်ပိုင်းတွင် လာရောက် လုပ်ကိုင်နေသော မီးရထား ကျောက်မိုင်း ဟု ဒေသခံ များသိထားသည့် "ဇော်လင်းဦး" ကျောက်မိုင်း မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ ၅နာရီအချိန် ယမ်းမိုင်းခွဲရာ ပေါက်ကွဲအားပြင်းသဖြင့် ရွာထဲမှလူနေအိမ်များအထိ ကျောက်ခဲများ လွင့်စင်ရောက်ရှိလာပြီး လူနေအိမ်များကို ကျောက်ခဲကြီးများ ထိမှန်ခဲ့သည်။


 နေအိမ်တစ်လုံး၏ အိမ်ရှေ့မှ ဝင်လာသော ကျောက်တုံးမှာ အိမ်ခန်းနောက်အထိ ရောက်ရှိခဲ့ပြီးပရိဘောဂအချို့ ပျက်ဆီးသွားကြောင်း အခြားအိမ်တစ်လုံးတွင် အိမ်အောက်မှ ဖြတ်သွားသည့် ကျောက်ခဲတုံးကြီးမှ ခြံစည်းရိုးကွန်ကရိတိုင်များအား ထိခိုက်မိစဉ် တိုင်များ ကျိုးလိမ်သွားခဲ့သည်
ဟုသိရသည် အိမ်အောက်တွင် ကစားနေသူ ကလေးများ ထွက်ပြေးကြ၍သာ ထိခိုက်မှုမရှိခဲ့ခြင်းဟု ဆိုသည်။


အဆိုပါကျောက်မိုင်းသည် မကြာခဏ အန္တရာယ်ဖြစ်စေသည့် မတော်တဆမှုဖြစ်နေခဲ့ပြီး လွန်ခဲ့သည့်နှစ်ကလည်း ရွှိင်ရယ်ပန်းဆေးအမည်ဖြင့် လုပ်ကိုင်ခဲ့စဉ် ကျောက်မိုင်းခွဲရာမှ ကျောက်ခဲများ လူနေရပ်ကွက်ထဲသို့ ကျရောက်ခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ပြီးနောက် "ဇော်လင်းဦး"အမည်ဖြင့် သက်ဆိုင်ရာက လိုင်စင်ပြန်ချထားပေးခြင်းဖြစ်သည်။


 ၂၀၁၃ ခုနှစ်ကလည်း နာမည်တစ်မျိုးဖြင့် လုပ်ကိုင်နေစဉ် လမ်းလျောက်ပြန်လာသော ဒေသခံမိန်းကလေးတစ်ဦး၏ မျက်နှာအား ယမ်းခွဲရာက လွင့်လာသည့် ကျောက်ခဲတုံး ထိခိုက်မိခဲ့ရာ ရုပ်ဆင်းအင်္ဂါပျက်ယွင်းသည့် အခြေအနေဖြစ်ခဲ့သည်။

ယခုညနေဖြစ်စဉ်အပေါ် ရဲက တရားလိုပြုလုပ်အမှုဖွင့်ထားကြောင်း သိရသော်လည်း နာမည်နောက်တမျိုးဖြင့် ထပ်၍လိုင်စင်ချပေး လုပ်ကိုင်နေအုံးမည်ကို ဒေသခံများက စိုးရိမ်နေလျှက်ရှိသည်။

အားကျောက်
Paung Daily
https://www.facebook.com/paungdaily
ကျောက်မိုင်းယမ်းခွဲရာမှ လူနေအိမ်များကို ကျောက်ခဲကြီးများ ထိမှန်  ကျောက်မိုင်းယမ်းခွဲရာမှ လူနေအိမ်များကို ကျောက်ခဲကြီးများ ထိမှန် Reviewed by THITHTOOLWIN on 01:25 Rating: 5
Powered by Blogger.