ဆူယာကီယတ် အဖွဲ့ကို အာဆီယံ ထောက်ခံ


ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart Sathirathai ဆူယာကီယတ် ဆာသီယာထိုင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန် တင်ပြချက် အကောင်အထည်ဖေါ်ရေး အကြံပေးအဖွဲ့ကို စင်္ကာပူမှာ မနေ့က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ထောက်ခံလိုက်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရကို ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရဲ့ အကြံပြုချက်တွေ ပြီးပြည့်စုံတဲ့အထိ ဆက်လက်အကောင်အထည်ဖေါ်ဖို့လည်း အာဆီယံဝန်ကြီးအဖွဲ့က တိုက်တွန်းလိုက်တယ်လို့ အလှည့်ကျ အစည်းအဝေး သဘာပတိဖြစ်တဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnam ဗီဗီယန် ဘာလားခရှစ်နမ် ကပြောပါတယ်။

တဆက်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပံ့ပိုးမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာမွတ်ဆလင်တွေ ၂ နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ်ကိုလည်း မူလရပ်တည်ချက်အတိုင်းဆက်ပြီး ထောက်ခံမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူအားလုံးကို အာဆီယံက လူမျိုးဘာသာမခွဲခြားပဲ ကူညီမယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပြသနာတွေရဲ့ ဇစ်မြစ်ကိုလေ့လာပြီး မတူညီတဲ့အသိုင်းအဝန်းတွေ အတူတကွပြန်လည်ထူထောင်နိုင်ရေးအတွက် ထိရောက်တဲ့နည်းလမ်းတွေ ရှာဖွေဖို့ အရေးကြီးကြောင်းလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက စင်္ကာပူအစည်းအဝေးမှာ ဆွေးနွေးသဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးခဲ့တဲ့ မစ္စတာ ဆူယာကီယတ်ရဲ့ ကိုဖီအာနန် အစီရင်ခံစာ အကောင်အထည်ဖေါ်ရေး အကြံပေးအဖွဲ့ဟာ အစိုးရရဲ့ ဟန်ပြအဖွဲ့ ဖြစ်တယ်ဆိုပြီး အဖွဲ့ဝင် တဦးဖြစ်တဲ့ အမေရိကန်ဝန်ကြီးဟောင်း Bill Richardson ဘီလ် ရစ်ချတ်ဆင် ပြီးခဲ့တဲ့လက နုတ်ထွက်သွားခဲ့တဲ့ အတွက် စိတ်ပျက်ပြောဆိုမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဆူယာကီယတ်ကတော့ ရစ်ချတ်ဆင်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့အဖွဲ့ဟာ ရခိုင်ပြည်နယ်ပဋိပက္ခကို အပြုသဘောပါဝင်ဖြေရှင်း ပေးနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။


ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ကြည့်ရှုခဲ့တဲ့ ဆွစ်ဇာလန်သမတ Alain Berset အာလန်း ဘဲဆက်က ကိုဖီအာနန် အကြံပေး ကော်မရှင်ရဲ့ တင်ပြချက်တွေကို သူ့တို့နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်သမတ ဘဲဆက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးရက်ကြာခရီးစဉ်နဲ့ရောက်ရှိနေတာဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေ သဘောတူညီချက်အတိုင်း ဒုက္ခသည်တွေ လုံခြုံစွာနေရပ်ပြန်ရေးအစီအစဉ် အကောင်အထည်ဖေါ်တာကို သူမြင်တွေ့လိုကြောင်းနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေးအတွက် ဆွစ်ဇာလန် က အနီးကပ်ကူညီနေကြောင်းလည်း ပြောပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၁၉၇၁ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆွစ်ဇာလန်သမတတဦး ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

တပြိုင်နက်မှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတားမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’d al-Hussein ဇိုင်ရိ အယ်လ် ဟူစိန်ဟာ အင်ဒိုနီးရှားသမတ Joko Widodo ဂျိုကို ဝီဒိုဒိုနဲ့ မနေ့က တွေ့ဆုံပြီး ရိုဟင်ဂျာပြသနာအဖြေရှာရေး ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် အင်ဒိုနီးရှားက ကူညီထောက်ပံ့နေတာကို ဂုဏ်ပြုပြောဆိုရင်း အင်ဒိုနီးရှားနဲ့ မြန်မာဆက်ဆံရေး အထူးကောင်းမွန်နေတဲ့အတွက် ရိုဟင်ဂျာပဋိပက္ခမှာ အင်ဒိုနီးရှားနိုင်ငံက ကြားဝင်ကူညီနိုင်မယ်လို့ မစ္စတာ အယ်လ် ဟူစိန်က ယုံကြည်မျှော်လင့်နေတယ်လို့လည်း အစည်းအဝေးကို ပါဝင်တက်ရောက်တဲ့ ကုလ အရာရှိတဦးက ပြောပါတယ်။

ကုလမင်းကြီး အယ်လ် ဟူစိန်နဲ့ သမတ ဝီဒိုဒိုတို့မနေ့က တွေ့ဆုံပွဲမှာ ရိုဟင်ဂျာစခန်းတွေရဲ့ လက်ရှိ အခြေအနေတွေကို အသေးစိပ်ဆွေးနွေးကြတယ်လို့လည်း သိရပါတယ်။ သမတ ဝီဒိုဒိုဟာ ကောဇ့်ဘဇားက ဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့လက သွားရောက်ကြည့်ရှုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဆူယာကီယတ် အဖွဲ့ကို အာဆီယံ ထောက်ခံ ဆူယာကီယတ် အဖွဲ့ကို အာဆီယံ ထောက်ခံ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.