ကျောင်းသားကျောင်းသူ ၂ သောင်း ၅ ထောင်ကို ဒစ်ဂျစ်တယ် နည်းပညာသင်တန်းပို့ချပေးမည်


နေပြည်​​တော်​၊ ​ဖေ​ဖော်​ဝါရီ ၂၄။

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ၇ တန်း၊ ၈ တန်းနှင့် ၉ တန်းမှ ကျောင်းသားကျောင်းသူ ၂ သောင်း ၅ ထောင် ကို ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

“အခုခေတ်က အားလုံးသိတဲ့ အတိုင်းပဲ နည်းပညာခေတ်လေ။ အဲဒီတော့ ကလေးငယ်တော်တော်များ များဟာ နည်းပညာခေတ်ကို လိုက်မှီဖို့လိုတယ်လေ။ အဲဒီတော့ ကလေးတွေကို ခေတ်နဲ့အညီ ဖြစ်စေဖို့နဲ့ သင်ကြားပေးရတာဖြစ်တယ်”ဟု ပညာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာနတွင် ပြည်နယ်နှင့််တိုင်းဒေသကြီးများ တွင် အခြေခံပညာကျောင်းပေါင်း ၄ သောင်း ၆ ထောင်ကျော်ရှိပြီး ကျောင်းသားကျောင်းသူ ၉ သန်း ၂ သောင်း ကျော်ပညာသင်ကြားနေကြောင်း သိရှိရသည်။

ယခုလာမည့် နွေရာသီကျောင်းပိတ်ရက် မတ်လ ၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ ဒစ်ဂျစ်တယ် နည်းပညာသင်းတန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ KMD ကွန်ပျူတာ သင်တန်း များတွင် သင်ကြား ပို့ချနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည်။

“အခုလုပ်မယ့် ဒစ်ဂျစ်တယ် Summer School က ကျောင်းသားကျောင်းသူတွေကို ကွန်ပျူတာ ဆိုတာ ဘယ်လို၊ Microsoft Window နဲ့ Microsoft Word တွေအကြောင်းကို သင်ကြားပေးမယ်၊ ပြီးတော့ အင်တာနက်အသုံးပြုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ကောင်းကျိုးတွေအကြောင်းကို သိရှိနာလည်အောင် သင်ကြားပို့ချပေးတာတွေ လုပ်ဆောင်သွားမယ်”ဟု Telenor Myanmar မှ Head of Business Sustainability ကိုမင်းသူက ပြောသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ဇဗ္ဗူသီရိဟိုတယ်တွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွန် ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်း (၂၀၁၈ ခုနှစ်)အတွက် လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

သဘောတူစာချုပ်ကို ပညာရေးဝန်ကြီးဌာန၊Telenor Myanmar ၊ KMDနှင့် အခြားအဖွဲ့အစည်း ၂ ခုနှစ်တို့ဖြင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar
ကျောင်းသားကျောင်းသူ ၂ သောင်း ၅ ထောင်ကို ဒစ်ဂျစ်တယ် နည်းပညာသင်တန်းပို့ချပေးမည် ကျောင်းသားကျောင်းသူ ၂ သောင်း ၅ ထောင်ကို ဒစ်ဂျစ်တယ် နည်းပညာသင်တန်းပို့ချပေးမည် Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.