ဟိန္ဒူလူမျိုး ၅၀၀ နေစရာမရှိသည့်ကြားထဲ ရွာပြန်ရန် အတင်းဓမ္မဖိအားပေးခံနေရ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၀

စစ်တွေကယ်ဆယ်ရေးစခန်းမှ မောင်တောမြို့သို့ ပြန်ပို့ခံရသူ ဟိန္ဒူလူမျိုး ၅၀၀ နီးပါးခန့်သည် လက်ရှိ အချိန်တွင် မောင်တော ကယ်ဆယ်ရေး စခန်းတွင်နေထိုင်နေကြရပြီး ရွာသို့ ပြန်ရန် ဖိအားပေးခံနေကြရသည်ဟု သတင်းရရှိသည်။

“ ကျွန်မတို့ကို အိမ်တွေဆောက်ပေးမယ်။ လုံခြုံရေး ကောင်းနေပြီဆိုပီး စစ်တွေကနေ မောင်တောကို ခေါ်ယူလာတာပါ။ အခု အိမ်လည်းမရှိဘူး။ အိမ်ဆောက်ပေးမယ်ဆိုတဲ့ စကားလည်း မကြားရတော့ဘူး။ မောင်တောကယ်ဆယ်ရေး စခန်းမှာ နေထိုင်နေရပါတယ်။ အခု အခြေအနေမှာ ရွာတွေကို ပြန်ဖို့ အုပ်ချုပ်ရေးဌာနက ဖိအားပေးနေပါတယ်” ဟု မောင်တော ကယ်ဆယ်ရေး စခန်းတွင် နေထိုင်နေသူ ဟိန္ဒူ အမျိုးသမီး တစ်ဦးဖြစ်သူ ဟုမ်မာတီက ပြောသည်။

ယခုလောလောဆယ် မောင်တော ကယ်ဆယ်ရေးစခန်းတွင် ဟိန္ဒူလူမျိုး မိသားစု ၁၄၀၊ လူဦးရေအားဖြင့် ၄၉၅ ဦးရှိပြီး ၎င်းတို့မှာ ရပ်ကွက်သုံး၊ လေးမိုင်၊ ရွှေဇား၊ ခမောင်းဆိပ်၊ တမန်းသားစသည့် ကျေးရွာများ ဖြစ်ကြသည်ဟုသိရသည်။

“ ကျွန်မတို့ကို အတင်းပြန်ခိုင်းနေပါတယ်။ မပြန်တဲ့ အတွက် လူကြီးတစ်ချို့ လူတွေကို ဆဲဆိုတာ၊ ရိုက်တာတွေလည်းရှိပါတယ်။ ထမင်းတွေကို လွှင့်ပစ်တယ်။ ထမင်းအိုးတွေ ကန်ကျောက် ပစ်တာတွေလည်းရှိပါတယ်။ ကျွန်မတို့ သည်းခံပြီးနေထိုင်နေကြရပါတယ်” ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် ကယ်ဆယ်ရေးစခန်းကို ခယကရုံးရှေ့တွင် ဖွင့်လှစ်ထားပြီး နေထိုင်ရသည်မှာ အထူး ဒုက္ခရောက်နေကြောင်း၊ အမိုးအကာ မလုံ၍ ဆောင်းရာသီဖြစ်သဖြင့် နှင်းကျပြီး ကလေးများနှင့် လူကြီးများ နေမကောင်း ဖြစ်နေကြောင်း၊ နေထိုင်ရသည်မှာ များစွာ အခက်အခဲ ရှိကြောင်း တစ်ခြား ဟိန္ဒူအမျိုးသား တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ ရွာကို ပြန်ချင်ပါတယ်။ ဒါပေမယ့် ပြန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ လူတိုင်းက အကြမ်းဖက်သမားတွေကို ကြောက်နေကြပါတယ်။ ဒါကြောင့် ရခိုင်ရွာတွေအနားဘဲ ကျွန်တော်တို့ ကို နေဖို့ စီစဉ်ချပေးလိုပါတယ်” ဟု ၎င်းအမျိုးသားက ပြောကြားသည်။

၂၀၁၇ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်အတွင်း အကြမ်းဖက် ဘင်္ဂလီကျေးရွာသားများ၏ လက်ချက်ဖြင့် ဟိန္ဒူလူမျိုး ၁၀၀ ကျော် အသတ်ခံခဲ့ကြရသည်။ သို့အတွက် ဟိန္ဒူလူမျိုးအနေဖြင့် လုံခြုံရေး မကောင်းသော ယခင်သူတို့၏ ကျေးရွာများတွင် နေထိုင်ရန် အထူးထိတ်လန့်နေကြသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
ဟိန္ဒူလူမျိုး ၅၀၀ နေစရာမရှိသည့်ကြားထဲ ရွာပြန်ရန် အတင်းဓမ္မဖိအားပေးခံနေရ ဟိန္ဒူလူမျိုး ၅၀၀ နေစရာမရှိသည့်ကြားထဲ ရွာပြန်ရန် အတင်းဓမ္မဖိအားပေးခံနေရ Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.