စစ်ဘေးတိမ်းရှောင်နေသူတွေရဲ့ ဈေးဆိုင်တွေနဲ့ နေအိမ်တွေ ဖောက်ထွင်းခံရ

တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေကြောင့် ကျည်ဆံထိမှန်ခဲ့တဲ့ နေအိမ်ကို တွေ့ရစဉ်/ ဓါတ်ပုံ - ဦးလှဝင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာမှာ တပ်မတော်နဲ့ TNLA တို့အကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရသူတွေရဲ့ ဈေးဆိုင်တွေနဲ့ နေအိမ်တွေ ဖောက်ထွင်းခံထားရကြောင်း နေရပ်ကို ပြန်လာစဉ်မှာ တွေ့ရှိရတယ်လို့ ငေါ့ငါးကျေးရွာ ဆယ်အိမ်မှူးက ဒီနေ့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မိုင်းယုလေးရွာကို တိမ်းရှောင်နေရတဲ့ ငေါ့ငါးကျေးရွာက ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ ပစ္စည်းတွေ ဖောက်ထွင်းခံလိုက်ရသလို တိုက်ပွဲကြောင့် နေအိမ် ၇ လုံးလောက် ပျက်စီးသွားတယ်လို့ ငေါ့ငါးကျေးရွာ ဆယ်အိမ်မှူး ဦးလှဝင်းက ပြောပါတယ်။

"၅ ရက်နေ့၊ ၆ ရက်နေ့၊ ၇ ရက်နေ့၊ ၈ ရက်နေ့ အထိပေါ့နော် ဘယ်သူမှ မပြန်ရဲကြတော့ ဘယ်သူတွေလဲ၊ ဘယ်ကလဲဆိုတော့ ကျနော်တို့လည်း မပြောတတ်ဘူး။ ဆိုင်တွေနည်းနည်းပေါ့၊ ဈေးရောင်းတဲ့ဆိုင်တွေ နည်းနည်းပျောက်တာပေါ့။ ကျနော်တို့ ပြန်လာပြီးတဲ့အချိန်မှာ။ အိမ်တွေလည်း လက်နက်ကြီး၊ လက်နက်သေးပေါ့ ၇ အိမ်၊ ၈ အိမ်လောက်ပေါ့ အဲလိုမျိုး လက်နက်ကြီး၊ လက်နက်သေးတွေ ထိတာရှိတယ်"

တချို့နေအိမ်တွေမှာဆိုရင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ငေါ့ငါးကျေးရွာ က ဒေသခံတွေဟာ လတ်တလောမှာ စားဝတ်နေရေးအတွက် ဒုက္ခသည် စခန်းကနေ ပါလာတဲ့ စားစရာတွေနဲ့ စားသောက်ရမှာဖြစ်ပြီး နေအိမ်ပျက်စီးမှုအတွက် စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီထံ အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က တပ်မတော်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ငေါ့ငါးရွာက ဒေသခံ ၆၀၀ ကျော်ဟာ မိုင်းယုလေးရွာမှာ ၁၀ ရက်ကျော် ခိုလှုံနေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ နေရပ်ကို ပြန်သွားကြတာ ဖြစ်ပါတယ်။ လတ်တလောမှာ ကျေးရွာ တစ်ဝိုက် တိုက်ပွဲတွေ ငြိမ်သက်နေသလို စစ်ကြောင်းတွေ လှုပ်ရှားမှုမရှိဘူးလို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၁၇ မတ်လကလည်း တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေကြောင့် ငေါ့ငါး ကျေးရွာနဲ့ လွယ်စရမ်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်တွေပျက်စီးခဲ့သလို ပစ္စည်းတွေလည်း ဖောက်ထွင်းခံခဲ့ရပါတယ်။ ဒါ့အပြင် တစ်ထောင်ကျော်ဟာ မိုင်းယုလေးကျေးရွာကို ထွက်ပြေးခဲ့ရပြီး တချို့ဟာဆိုရင် နေရပ်မပြန်နိုင်သေးဘဲ မိုင်းယုလေးကျေးရွာမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
စစ်ဘေးတိမ်းရှောင်နေသူတွေရဲ့ ဈေးဆိုင်တွေနဲ့ နေအိမ်တွေ ဖောက်ထွင်းခံရ စစ်ဘေးတိမ်းရှောင်နေသူတွေရဲ့ ဈေးဆိုင်တွေနဲ့ နေအိမ်တွေ ဖောက်ထွင်းခံရ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.