ရှေးဟောင်းပစ္စည်းတွေ တရားမ၀င်တူးဖော်ရောင်းချမှုကို တားဆီးမည်

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းကို တွေ့ရစဉ်/ Photo: RFA
ရှေးဟောင်းဝတ္ထုပစ္စည်းတွေကို တရားမ၀င်တူးဖော်မှုတွေ၊ ရောင်းချမှုတွေကို တားဆီးနိုင်ဖို့နဲ့ ရှေးဟောင်းအမွေအနှစ် နယ်မြေတွေကြားမှာ အဆောက်အဦးတွေ တိုးချဲ့တည်ဆောက်တာတွေကို တားဆီးနိုင်ဖို့အတွက် လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစပြီး အထက်မြန်မာပြည်က နေရာတချို့မှာ အသိပညာပေး ဟောပြောပွဲတွေကို ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက ပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

စစ်ကိုင်းတိုင်းက အနိမ့်၊ အမြင့်ဒေသ၊ ဘုတလင် ညောင်ကန်ဘက်နဲ့ ရွှေဘိုဘက်က ဟန်လင်းရှေးဟောင်း ဒေသနေရာတွေကို ဒီလထဲမှာ စတင်ပြီး ဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

"လောလောဆယ်တော့ ဒီလကနေစပြီးတော့ အထက်မြန်မာပြည်မှာရှိတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးပေါ့နော်၊ အနိမ့်၊ အမြင့်ဒေသ၊ ဘုတလင် ညောင်ကန်ဘက်ပေါ့၊ ရွှေဘိုဘက်မှာရှိတဲ့ ဟန်လင်းရှေးဟောင်းဒေသပေါ့၊ အဲဘက်တွေကို လောလောဆယ် ဒီလထဲမှာ လုပ်မှာပေါ့နော်၊ စစ်ကိုင်းတိုင်းကနေသွားရင် ခင်ဦးမြို့နယ် ရှိတယ်လေ၊ အဲဘက်မှာ အနိမ့် အမြင့်ဆိုတာ၊ အဲဘက်တွေကတော့ ရှေးဟောင်းပစ္စည်းရယ်လို့တော့ မဟုတ်ဘူး၊ Development Pressure တွေရှိလို့ပေါ့၊ ရှေးဟောင်းဝတ္ထူရော၊ Development Pressure အတွက်ရော၊ ကြိုပြီးတော့ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ပေါ့၊ ဘုရားတွေ၊ Monument Side တွေကြားမှာ တိုးချဲ့ဆောက်တာတို့၊ အဆောက်အဦးတွေ အနီးကပ်ဆောက်တာတို့ မလုပ်သင့်ဘူးပေါ့နော်၊ တစ်လက်စတည်း ကျနော်တို့က ပြောရမှာပေါ့"

ယဉ်ကျေးမှုအမွေအနှစ်တွေရဲ့ အရေးပါမှုတွေကို ပြည်သူတွေသိရှိဖို့၊ ရှေးဟောင်းသုတေသနက ဥပဒေတွေ အကြောင်းနဲ့ ရှေးဟောင်းအမွေတွေ ကာကွယ်တဲ့နေရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်သင့်တဲ့အကြောင်း စတာတွေကို ဟောပြောသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပျူဒေသဘက်ကို ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ တင်ခဲ့စဉ်ကလည်း အခုလို အသိပညာပေး ဟောပြော ပွဲတွေပြုလုပ်ခဲ့ပေမယ့် ရှေးဟောင်းဝတ္ထုပစ္စည်းနဲ့ ပတ်သက်လို့ ဟောပြောတာကတော့ ဒီတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့လည်း ဦးသိန်းလွင်က ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်၊ သင်္ဃန်းဆွဲအုပ်စု၊ နဘဲကန်ရွာနားမှာ စမုံမြစ်ရေတိုက်စားတာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကပေါ်လာတဲ့ အုတ်ရိုးတွေဟာ ပျူခံတပ်မြို့ဟောင်းလို့ ယူဆလို့ရတဲ့ အုတ်ရိုးတွေဖြစ်ကြောင်း ရှေးဟောင်းဗိသုကာပညာရှင်တွေက သုံးသပ်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရှေးဟောင်းပစ္စည်းတွေ တရားမ၀င်တူးဖော်ရောင်းချမှုကို တားဆီးမည် ရှေးဟောင်းပစ္စည်းတွေ တရားမ၀င်တူးဖော်ရောင်းချမှုကို တားဆီးမည် Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.