ဒုက္ခသည်တွေထဲမှာ အကြမ်းဖက် ပါ မပါ စိစစ်ဆဲသာဖြစ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်/ Photo:AP
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကိုသွားဖို့ ရောက်ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည်တွေထဲမှာ အကြမ်းဖက် အဖွဲ့အစည်းကလူတွေ ပါဝင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိစစ်နေဆဲဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အကြမ်းဖက်သမားတွေ ပါတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းတော့ မရသေးပေမယ့် စိစစ်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။

"တိကျတဲ့သတင်းတော့ မရသေးဘူး၊ စိစစ်ဆဲပဲ၊ ထပ်ပြီးတော့ စိစစ်နေပါတယ်"

အဲဒီ နှစ်နိုင်ငံ နယ်စပ်မျဉ်းနေရာမှာ ခန့်မှန်းလူဦးရေ ၆ ထောင်ကျော် ရောက်ရှိနေပြီး သူတို့တွေ စားရေးသောက်ရေး အတွက် နိုင်ငံတကာအဖွဲ့ INGO အဖွဲ့တွေက ထောက်ပံ့ပေးနေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

လူနေခွင့်မရှိတဲ့ ဧရိယာမှာ ရောက်ရှိနေသူတွေရဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် အာဏာပိုင် ခရိုင်အဆင့် တာဝန်ရှိသူတွေ တောင်ပြိုလက်ဝဲက အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

အဲဒီနေရာဟာ လူနေခွင့်မရှိတဲ့ နေရာဖြစ်တာကြောင့် ဘယ်သူမှနေထိုင်လို့ မရကြောင်း၊ တားမြစ်နယ်မြေ Zero Line အတွင်း ဝင်ရောက်နေထိုင်တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် နိုင်ငံတကာ INGO အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ မှုတွေကို အသိပေးနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောဒေသက ဒေသခံ ဟိန္ဒူဘာသာဝင် အနည်းစုနဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေ တာဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်အရ အဲဒီဒုက္ခသည်တွေကို ပြန်ခေါ်ဖို့အစီအစဉ်ကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့က စတင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဒုက္ခသည်တစ်ယောက်မှ ပြန်မလာသေးပါဘူး။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပထမအသုတ်အဖြစ် ပြန်လာမယ့် ဒုက္ခသည် ၈ ထောင်ကျော်ရဲ့ အမည်စာရင်းနဲ့ အချက်အလက်တွေကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်တဲ့အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ဘက် က ပြီးခဲ့တဲ့ရက်ပိုင်းက လွှဲပြောင်းပေးအပ်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဒုက္ခသည်တွေထဲမှာ အကြမ်းဖက် ပါ မပါ စိစစ်ဆဲသာဖြစ် ဒုက္ခသည်တွေထဲမှာ အကြမ်းဖက် ပါ မပါ စိစစ်ဆဲသာဖြစ် Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.