လှည်းကူး မင်းကုန်း အကျဉ်းစခန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိ

မင်းကုန်း အကျဉ်းစခန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိ
ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်အတွင်းမှာ ရှိတဲ့ မင်းကုန်းအကျဉ်းစခန်းမှာ အကျဉ်းသား ၂၀ ကျော်ကို ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် ရိုက်နှိပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

အကျဉ်းသားတွေ အချင်းချင်း ရန်ဖြစ်တဲ့အခါမှာ ရိုက်တာမျိုးတွေ ရှိသလို၊ အုပ်စုလိုက် ထွက်ပြေးလို့ မိတဲ့အခါတွေမှာလည်း ထောင်အာဏာပိုင်တွေက ရိုက်နှိပ်တာတွေ ရှိတယ်လို့ အဲဒီ့ကို ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

ရိုက်နှိပ်ခံခဲ့ရတဲ့ သူတွေထဲမှာ ခေါင်းကွဲတဲ့သူတွေ၊ သွားကျွတ်သွားတဲ့ သူတွေကိုလည်း တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အဲဒီ့ကို သွားရောက်စစ်ဆေးတဲ့အခါမှာ အကျဉ်းသားတွေကိုယ်တိုင်က သူတို့ကို ဘယ်သူဘယ်ဝါက လုပ်ခဲ့တယ်ဆိုပြီး နာမည်တပ်ပြောတာကြောင့် ထောင်အာဏာပိုင်တွေရဲ့ လက်ချက်ဆိုတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

အခုလိုမျိုး ကျူးလွန်ခဲ့တဲ့ ဒုတိယ ကြီးကြပ်ရေးမှူးနဲ့ လက်ထောက်ကြီးကြပ်ရေးမှူးတို့အပါအဝင် ထောင်အာဏာပိုင် ၃ ဦးကို အရေးယူပေးဖို့ ပြည်ထဲရေး ဌာနကို ကော်မရှင်က တိုင်ကြားထားပါတယ်။

လှည်းကူးမြို့နယ်အတွင်းမှာ ရှိတဲ့ မင်းကုန်း စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်းဟာ အကျဉ်းသားတွေ အကျဉ်းထောင် ပြင်ပရောက်တဲ့အခါမှာ အသက်မွေးဝမ်းကြောင်းအလုပ် လုပ်ဆောင်နိုင်အောင်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့ လုပ်ငန်းတွေလုပ်ဖို့ စခန်းတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားအချင်းချင်း အုပ်ချုပ်လို့ရအောင်လို့ တန်းစီးလို့ လူသိများတဲ့ သင်တော်တဲ့ အကျဉ်းသားတစ်ဦးကို အခန်းလူကြီးအဖြစ် တာဝန်ပေးတာမျိုးတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာလည်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ တိုင်ကြားချက်အရ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ မြင်းခြံအကျဉ်းထောင်ကိုလည်း သွားရောက်စစ်ဆေးခဲ့တာတွေ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese
လှည်းကူး မင်းကုန်း အကျဉ်းစခန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိ လှည်းကူး မင်းကုန်း အကျဉ်းစခန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.