ကုလားတန်မြစ်ကမ်းပါးပြို၍ အပေါက်ဝကျေးရွာတွင် နေအိမ် ၁၁ လုံး မြစ်ထဲပါ


စစ်တွေ၊ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ပေ ၃ဝဝ ခန့် ကမ်းပါးပြို၍ နေအိမ် ၁၁ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က နိရဉ္စရာကို အတည်ပြုပြောသည်။

"ပထမ မနက် ၉ နာရီမှာ တစ်ခေါက်ပြိုတုန်းက ၉ အိမ်ပါသွားတယ်။ အခု နောက်တစ်ခေါက် ထပ်ပြိုတော့ ၂ အိမ် ပါသွားတယ်။ စုစုပေါင်း ၁၁ အိမ်ပေါ့။ ပျက်စီးသွားတယ် " ဟု အပေါက်ဝ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က ပြောသည်။

မြစ်ကမ်းပါးသည် ယင်းနေ့နံနက် ၉ နာရီခွဲခန့်မှစတင်ကာ ရွာဈေးတန်းမှ အလယ်မူဆလင် ကျေးရွာအထိ တောက်လျှောက်ပြိုသွားခြင်းဖြစ်သည်ဟုလည်း ဒေသခံ ဦးမောင်လှရွှေက ပြောသည်။

"အရင်တုန်းကလည်း ပြိုတာပါပဲ။ ဒါပေမယ့် ဒီနေ့ပြိုတာကတော့ ကျနော်တို့ရွာ ကမ်းပြိုတဲ့အထဲ ဆိုးဆိုးဝါးဝါးပြိုသွားတာပဲ။ အိမ်တွေလည်း ရေထဲပါကုန်ပြီ"ဟု ဦးမောင်လှရွှေက ဆိုသည်။


ယင်းကဲ့သို့ကမ်းပါးပြိုသွားသည့်အတွက် ကမ်းပါးတွင် တွဲကျန်ခဲ့သည့်နေအိမ်များကိုလည်း နေအိမ်ပိုင်ရှင်များက ဖြိုဖျက်နေကြသလို ကျန်ရှိသည့်ဈေးဆိုင်ခန်းများမှ ကုန်ပစ္စည်းများကိုလည်း ကျေးရွာတွင်းသို့ပြောင်းရွှေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟုလည်း ဒေသခံများက ဆိုသည်။

နေအိမ် ၁၃ဝဝ ကျော်ရှိသည့် အပေါက်ဝကျေးရွာသည် ကုလားတန်မြစ်ကမ်းဘေးတွင်တည်ရှိပြီး မြစ်ကမ်းပါးပြိုမှုကို ၂ဝဝ၅ ခုနှစ်မှစတင်ကာ နှစ်စဉ် ဆိုးဆိုးဝါးဝါးခံနေရသည့် ရွာဖြစ်သည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နှစ်စဉ် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နေသော်လည်း နည်းစနစ်မကျဟုဆိုကာ ဒေသခံများက ဝေဖန်နေကြသည်။

ဓာတ်ပုံ - မြစ်ကမ်းပါးပြိုသွားသည်ကိုတွေ့ရစဉ်/ ကိုနိုင်စိုး
မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
ကုလားတန်မြစ်ကမ်းပါးပြို၍ အပေါက်ဝကျေးရွာတွင် နေအိမ် ၁၁ လုံး မြစ်ထဲပါ ကုလားတန်မြစ်ကမ်းပါးပြို၍ အပေါက်ဝကျေးရွာတွင် နေအိမ် ၁၁ လုံး မြစ်ထဲပါ Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.