တရုတ်ဖုံးတွေ မသုံးဖို့ ကန် ထောက်လှမ်းရေး သတိပေး


တရုတ်ပြည်ကထုတ်လုပ်တဲ့ Huawei နဲ့ ZTE လက်ကိုင်စမတ်ဖုံးတွေဟာ လုံခြုံရေး အန္တရာယ် ကြီးမားတဲ့ အတွက် အမေရိကန်ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်းမပြုကြပါနဲ့လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA စီအိုင်အေ၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့ NSA နဲ့ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ထိပ်တန်းအရာရှိတွေက သတိပေးလိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ရှေ့မှောက် ကြားနာပွဲမှာ အခုလို သူတို့က ထွက်ဆိုပြောကြားခဲ့ကြတာပါ။

အဲဒီ တရုတ်ကုမ္ပဏီတွေကထုတ်လုပ်တဲ့ လက်ကိုင်ဖုံးတွေဟာ သတင်းအချက်အလက်တွေကို ခိုးယူပြီး လှို့ဝှက်ထောက်လှမ်းမှုတွေ ပြုလုပ်နိုင်တယ်လို့ ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ဟယ်ရီဟဲရစ် က တရုတ်ပြည်ရဲ့ စစ်ရေးအင်အားချဲ့ထွင်မှု ကြီးမားလာနေပြီး မကြာခင်ကာလတွေအတွင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ အင်အားချင်းအပြိုင်အဆိုင်ဖြစ်လာနိုင်ကြောင်း အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ ရှေ့မှောက်ကြားနာပွဲမှာ မနေ့က ပြောကြားခဲ့ပါတယ်။


တရုတ်ပြည်က အဓိက အားပြိုင်လာမယ့် ကဏ္ဍတွေကတော့ ဒုံးပျံကာကွယ်ရေးစံနစ်၊ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ အရည်အချင်းနဲ့ ရေတပ်အင်အားစုတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံးအန်ဟာ သူ့ဖခင်နဲ့ သူ့အဖိုးတွေလက်ထက်ကတည်းက ရည်မှန်းချက်ထားခဲ့တဲ့အတိုင်း တောင်ကိုရီးယားကို သူတို့နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းပြီး တခုတည်းသော ကိုရီးယားကွန်မြူနစ်နိုင်ငံ ထူထောင်ဖို့ ရေရှည်ရည်မှန်းချက်ချ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်ကြီး ဟဲရစ်ကပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်ဖုံးတွေ မသုံးဖို့ ကန် ထောက်လှမ်းရေး သတိပေး တရုတ်ဖုံးတွေ မသုံးဖို့ ကန် ထောက်လှမ်းရေး သတိပေး Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.