စစ်ရှောင် စခန်းက ကချင်တွေကို စစ်တပ်ဖမ်း

ကချင် စစ်ရှောင် ဒုက္ခသည်စခန်းတခု
ဇန်နဝါရီ ၃၁ ရက်က ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်စစ်ရှောင် ဒုက္ခသည်စခန်းက ကချင် တိုင်းရင်းသား ၂ယောက်ကို ရှေ့တန်းရောက် အစိုးရစစ်တပ်တခုက ဖမ်းဆီးသွားတာ ဒီနေ့ထိ ပြန်မလွှတ်သေးတဲ့အတွက် မိသားစုဝင်တွေ စိတ်ပူ နေကြပါတယ်။

မံစီမြို့နယ် မိုင်ခေါင်စစ်ရှောင် ဒုက္ခသည် စခန်း ၂ခုဖြစ်တဲ့ ကေဘီစီနဲ့ အာစီ စခန်း ၂ ခုက အသက် ၆၀ ကျော်အရွယ် ဦးဖေါ်ဂန့်ရော်နဲ့ အသက် ၃၀ အရွယ် ကိုနော်ဆန်းတို့ ၂ ယောက် ကျွဲပျောက်ရှာသွားရင်း ရှေ့တန်းရောက် အစိုးရတပ်တခုက ဖမ်းဆီး သွားတာ ၅ ရက်ကြာသွားပြီ ဖြစ်ပါတယ်။

သူတို့ကို ရှာဖွေလို့မရ ဖြစ်နေတယ်လို့ စခန်းမှာနေတဲ့ ဆွေမျိုးနီးစပ်သူတယောက်က ပြောပြပါတယ်။

မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ သူတို့လိုက်ရှာလို့ မလွယ်ကြောင်း ဆိုပါတယ်။
စစ်ရှောင် ဒုက္ခသည်ကို စစ်တပ်က သတ်ဖြတ်ခဲ့
ခပ်ပလန်ဘက်မှာ ကျွဲကျောင်းရင်း အဖမ်းခံရပြီး အဲဒီနေရာက မာရှယ်လောပုံစံမျိုး ထုတ်ထားလို့ ဘယ်သူမှမဝင်ရဲလို့ ရှာဖို့ခက်တယ် လို့လည်း ပြောပါတယ်။

၂၀၁၇ မေလ ၂၆ ရက်ကလည်း မိုင်ခေါင်စစ်ရှောင် ဒုက္ခသည်စခန်းကနေ ထင်းခွေသွားတဲ့ ဒေသခံ ၃ ယောက်ကို မံစီအခြေစိုက် ခမရ ၃၁၉ ကဖမ်းဆီးသွားပြီး သတ်လိုက်တဲ့ ကိစ္စရှိခဲ့တာမို့ မိသားစုဝင် တွေက စိတ်ပူ နေကြပါတယ်။

အဲဒီတုန်းက သတ်ဖြတ်မှုအတွက် ခမရ ၃၁၉ က တပ်ရင်းမှူး အပါအဝင် အရာရှိ ၄ ယောက်နဲ့ အကြပ်တပ်သား ၂ယောက်ကို ဇန်နဝါရီ ၁၉ ရက်က တပ်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁ဝ နှစ် စီရင်ချက်ချမှတ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
စစ်ရှောင် စခန်းက ကချင်တွေကို စစ်တပ်ဖမ်း စစ်ရှောင် စခန်းက ကချင်တွေကို စစ်တပ်ဖမ်း Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.