အငှားယာဉ်အား အသုံးပြုပြီး အုပ်စုဖွဲ့ ခါးပိုက်နှိုက် ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

၂၆.၂.၂၀၁၈ ရက်နေ့ နံနက် ၀၈း၄၀ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမပေါ်တွင် အငှားယာဉ်တစ်စီးဖြင့် ခါးပိုက်နှိုက်များ ရောက်ရှိနေကြောင်း သတင်းပေးချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်
အတူ အဆိုပါနေရာသို့သွားရောက်၍ ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် 5H-1590 Probox ယာဉ်ပေါ်၌ လှိုင်သာယာမြို့နယ်နေ ကျော်လွင်၊ (၂၉)နှစ်၊ အောင်မျိုးသူ၊ (၂၁)နှစ်၊ ရွှေပြည်သာမြို့နယ်နေ ဟိန်းလတ်ကျော်၊ (၃၈)နှစ်၊ ဒဂုံမြို့ သစ်(အရှေ့)မြို့နယ်နေ အောင်မင်းထွန်း(ခ)အောင်ချမ်း(ခ)ကိုချမ်း၊ (၄၉)နှစ်နှင့် ဇင်ဘိုဝင်း၊ (၂၆)နှစ်တို့ (၅)ဦးကို သက်သေခံ Oppo လက်ကိုင်ဖုန်းနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကျော်လွင်ပါ (၅)ဦးတို့အား စစ်ဆေးရာ ယင်းနေ့ နံနက် ၀၈း၃၀ နာရီအချိန်တွင် ၎င်းတို့သည် ခါးပိုက်နှိုက်ပြစ်မှု ကျူးလွန်ရန်အတွက် YBS (84)ခရီးသည်တင်ယာဉ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်ရှိ အကြော်တဲမှတ်တိုင်မှ စီးနင်းလိုက်ပါစဉ် နာရီစင်မှတ်တိုင်အနီးအရောက် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦးထံမှ Oppo လက်ကိုင်ဖုန်းအား နှိုက်ယူရရှိခဲ့ပြီး နာရီစင်မှတ်တိုင်တွင်ဆင်းကာ အသင့်စောင့်နေသည့် 5H-1590 Proboxယာဉ်ဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လက်ကိုင်ဖုန်းပိုင်ရှင်အား ဆက်လက်စုံစမ်းရှာဖွေ ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ကို-----၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း အတည်ပြုစုံစမ်းရရှိခဲ့သဖြင့် ကျော်လွင် ပါ (၅)ဦးတို့အား ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၄၈၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်ခဲ့သည်။

အမှုမှ ဖမ်းဆီးရမိသူ ကျော်လွင်ပါ (၅)ဦးတို့အား ထပ်မံစစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ထံမှ လက်ကိုင်ဖုန်း (၃)လုံး၊ လွယ်အိတ် (၅)လုံး၊ ခေါက်ပိုက်ဆုံအိတ် (၁)လုံး၊ ငွေကျပ် (၂၅၀၀၀)၊ ရွှေဆွဲကြိုး (၁)ကုံး၊ ရွှေဆွဲသီး (၁)ခု၊ ရွှေနားကပ် (၁)ဖက်တို့ အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား အခြားခါးပိုက်နှိုက်ပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အစီအမံဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံချက်အရ ခိုး၊ ဆိုး ၊လု ၊ နှိုက်မှုကျူးလွန် တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများ၊ ပြည်သူလူထုအပေါ်အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ ကျူးလွန် သူလူဆိုးလူမိုက်များ၊ ပြေး(၄)ပြေးများကို ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ YBS ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက ခရီးသည်အသွင်ဖြင့် လိုက်ပါစီးနင်းပြီး ခါးပိုက် နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
အငှားယာဉ်အား အသုံးပြုပြီး အုပ်စုဖွဲ့ ခါးပိုက်နှိုက် ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ အငှားယာဉ်အား အသုံးပြုပြီး အုပ်စုဖွဲ့ ခါးပိုက်နှိုက် ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:42 Rating: 5
Powered by Blogger.