မြောက်ဦးပစ်ခတ်မှု ရဲတွေကို တရားစွဲဖို့ သေဆုံးသူ မိသားစုဝင်တွေပြင်ဆင်


ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။   ။   ဇွန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အကြမ်းဖက်နှိမ်နင်းပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူနိုင်ရေးအတွက် လူသတ်မှုနဲ့ အမှုဖွင့် တရားစွဲဆိုဖို့ သေဆုံးသူ မိသားစုဝင်တွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မြောက်ဦးပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီအထဲက ၈ ဦးမှာ ပြင်းထန်ဒဏ်ရာတွေနဲ့ စစ်တွေအကျဉ်းထောင်မှာ အများပြည်သူပိုင်ပစ္စည်းကာကွယ်မှုပုဒ်မနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

သေဆုံးသွားတဲ့ အရပ်သား ၇ ဦးရဲ့ မိသားစုဝင်တွေကတော့ အပြစ်မရှိတဲ့သူတွေကို ရက်ရက်စက်စက် သတ်ပစ်တယ်ဆိုပြီး လူသတ်မှုနဲ့ အမှုဖွင့်တရားစွဲဆိုနိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်ကာ နည်းလမ်းရှာနေတယ်လို့ ခင်ပွန်းသေဆုံးသွားတဲ့ ကြက်လျှာကျွန်းရပ်ကွက်က အမျိုးသမီးတစ်ဦးက DMG ကို ပြောပါတယ်။

သေဆုံးသွားတဲ့ အရပ်သား ၇ ဦးမှာ သေနတ်ပစ်ခံရလို့ သေဆုံးသွားသူရှိသလို သေနတ်တစ်ချက်အပစ် မခံရဘဲ ထု၊ ထောင်း၊ ရိုက်နှက်မှုကြောင့် သေဆုံးသွားတဲ့သူတွေရှိတဲ့အတွက် မခံမရပ်နိုင်ဖြစ်ရတယ်လို့ သေဆုံးသူ မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူ မိသားစုဝင်တွေမှာ ပစ်ခတ်တဲ့ ရဲတွေကို တရားစွဲဆိုဖို့ဆိုပေမယ့် ဥပဒေလမ်းကြောင်းနဲ့ အခြားအကြံအဥာဏ်ပေးဖို့ လူ လိုအပ်တယ်လို့ အမည်ကိုမဖော်လိုတဲ့ သေဆုံးသူ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် သေဆုံးသူတွေဘက်က အကူအညီပေးနိုင်ဖို့ သွားရောက်တဲ့သူတွေကို မြောက်ဦးမြို့က တက်ကြွလှုပ်ရှားသူတချို့နဲ့ ရဲတပ်ဖွဲ့ဝင်နဲ့နီးစပ်တဲ့သူတချို့က ဟန့်တားမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ တစ်ဘက်ကို သတင်းပေးတဲ့သူတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သွားရောက်အကူအညီပေးမယ့်သူတစ်ဦးက DMG ကို ပြောဆိုထားပါတယ်။

မြောက်ဦးပဋိပက္ခမှာ သေဆုံးသွားတဲ့ အရပ်သား ၇ ဦးအမှုကို မြောက်ဦးရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်လှစ်ထားတာဟာ သေဆုံးသူမိသားစုဝင်တွေအတွက် အရမ်းနစ်နာမှုရှိပြီး မိသားစုဝင်တွေက အမှုဖွင့်လှစ်ဖို့ လိုအပ်တယ်လို့ ၄င်းက ပြောဆိုပါတယ်။

မြောက်ဦးဖြစ်စဉ်မှာ ပစ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲလုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေသလို ရခိုင်ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမှုပြုလုပ်နေပါတယ်။

မြောက်ဦးဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ၁၂ ဦးကို ဥပဒေအရ အရေးယူမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောထားတဲ့အတွက် ၈ ဦးကိုအမှုဖွင့်လှစ်ကာ မြောက်ဦးတရားရုံးမှာ ရင်ဆိုင်နေပါတယ်။ ကျန် ၄ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ၈ ဦးရဲ့ မိသားစုဝင်တွေကတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုပါတယ်။

ဇော်ဇော်(မြောက်ဦး)
Development Media Group
http://www.dmediag.com/
မြောက်ဦးပစ်ခတ်မှု ရဲတွေကို တရားစွဲဖို့ သေဆုံးသူ မိသားစုဝင်တွေပြင်ဆင် မြောက်ဦးပစ်ခတ်မှု ရဲတွေကို တရားစွဲဖို့ သေဆုံးသူ မိသားစုဝင်တွေပြင်ဆင် Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.