ရိုက်တာ သတင်းထောက်တွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို

ရိုက်သတင်းထောက်နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ လမ်းလျောက်ဆန္ဒပြစဉ်။ Photo: Thant Zin Oo/RFA
နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုမိုးအောင် (ခ) ကိုကျော်စိုးဦး တို့ကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့  အရပ်ဘက်အဖွဲ့အစည်းအချို့က အဖွဲ့ဝင်တွေပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံကနေ ကမာရွတ်မြို့ နယ် ဦးထွန်းလင်းခြံလမ်းထိပ်အထိ လမ်းလျောက်ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သတင်းသမားတွေကို ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီးတာတွေ မဖြစ်သင့်တဲ့အတွက် ဒီကနေ့ ချီတက်ဆန္ဒပြရာကို လာရောက်ပူးပေါင်းတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် ကိုထင်ကျော် က ပြောပါတယ်။

"ဒီမိုကရေစီကျင့်သုံးတယ်ဆိုတဲ့ အစိုးရက ဖမ်းဆီးထားတဲ့ကိစ္စပဲဖြစ်တယ်၊ ဒီကနေ့ သတင်းကမ္ဘာကြီးမှာ သတင်းထောင်တွေကို ဖမ်းဆီးခြင်းဟာ ကျနော်တို့ ပြည်သူတွေရဲ့ သတင်းသိရှိခွင့်၊ သတင်းကို ရယူခွင့်တွေကို ပိတ်ဆို့လိုက်တာဖြစ်တယ်၊ အဲဒီတော့ သတင်းထောက် ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ကို ဖမ်းဆီးခြင်းဟာ လူတစ်ယောက်အပေါ်ဖမ်းဆီးတာ မဟုတ်ပါဘူး၊ သတင်းလောကတစ်ခုလုံးကို ခြိမ်းခြောက်တယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်"

ဆန္ဒပြသူတွေဟာ ချီတက်ရာလမ်းတလျှောက်မှာ “ပြည်သူလူထု၏ သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေမှုနှင့် သတင်းမီဒီယာများ ဖိနှိပ်ခံနေရမှု အသိပေးခြင်း” ဆိုတဲ့ လက်ကမ်းစာစောင်တွေကိုလည်း အများပြည်သူထံ ဖြန့်ဝေခဲ့ပြီး သတင်းလွပ်လပ်ခွင့်ရရှိရေး ဒို့အရေး၊ ဖမ်းဆီးခံသတင်းသမားများ လွှတ်ပေးရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုမိုးအောင်တို့ကို အစိုးရက နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ အဲဒီ သတင်းထောက် နှစ်ဦးဟာ မောင်တောခရိုင် အင်းဒင်ရွာက ရိုဟင်ဂျာ မွတ်စလင် အမျိုးသား ၁၀ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ်ခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်တာ သတင်းဌာနက စုံစမ်းလေ့လာတွေ့ရှိချက်တွေကို သက်သေခံဓါတ်ပုံတွေနဲ့တကွ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုမိုးအောင် (ခ) ကိုကျော်စိုးဦး တို့ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်မြို့မှာလည်း ပြီးခဲ့တဲ့တပတ်က သတင်းမီဒီယာသမားတွေ ဆန္ဒပြ တောင်းဆိုကြပါသေးတယ်။

ဖမ်းဆီးခံနေရတဲ့ ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ နှစ်ယောက်ကို New York မြို့အခြေစိုက် သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အဖွဲ့ကြီးတခုဖြစ်တဲ့ PEN America အဖွဲ့က ၂၀၁၈ ခုနှစ်အတွက် PEN/Barbey Freedom to Write လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ဆုကို ချီးမြင့်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရိုက်တာ သတင်းထောက်တွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို ရိုက်တာ သတင်းထောက်တွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.