လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနဲ့ ဆက်ဆံရေးကို အီးယူ ပြန်သုံးသပ်မည်

အီးယူပါလီမန် အဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် မြန်မာနဲ့ အီးယူ ဥရောပသမဂ္ဂကြား ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမယ်လို့ ဥရောပ ပါလီမန်အဖွဲ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် လာရောက်ခဲ့တဲ့ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလက ၁၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူဉီးရေ တစ်သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလွန်ဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီစောင့်ရှောက်နေလို့သာ သူတို့ အသက်ဆက်ရှင်နေနိုင်တာ ဖြစ်တယ်လို့ ဥရောပ ပါလီမန်အဖွဲ့ဝင်တစ်ဉီးက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ရိုဟင်ဂျာ ဒုက္ခသည်များရှိရာ ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားကိုလည်း သွားရောက်ကြည့်ရူ့ခဲ့ပါတယ်။

သူတို့တွေရဲ့ လေ့လာမှုအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ယိုယွင်းပျက်စီးနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အချက်အလက်အမှန်နဲ့ သက်သေအထောက်အထားပြဖို့လိုတယ်လို့လည်း ကိုယ်စားလှယ်အဖွဲ့ ဉက္ကဌ မစ္စတာ အန်တိုနီယို ပန်ဆေးရိစ် ပြောပါတယ်။

ဒါ့အပြင် မတူကွဲပြားတဲ့ လူနည်းစုတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ လူမျိုးမှုဆိုင်ရာနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာအုပ်စုတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ သတင်းသမားတွေအပေါ်မှာလည်း ထိခိုက်သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အီးယူအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒတစ်ချို့ ချမှတ်သွားဖို့ ရှိပေမယ့် ဒီမူဝါဒတွေဟာ မြန်မာနိုင်ငံသားတွေအပေါ်ထိခိုက်နစ်နာစေမှာ မဟုတ်ပဲ၊ လူ့အခွင့်အရေး ကျူးလွန်ခဲ့တဲ့ သူတွေ၊ အဖွဲ့အစည်းတွေကိုသာ ပစ်မှတ်ထား လုပ်ဆောင်သွားမယ်လို့လည်း မစ္စတာ ပန်ဆေးရိစ်က ဆိုပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်တွင်းကို လူသားချင်းဆိုင်ရာ အထောက်အပံတွေ လွတ်လွတ်လပ်လပ် ပေးပို့နိုင်ဖို့ အပါအဝင် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့၊ ၁၉၈၂ နိုင်ငံသားဥပေဒကို ပြုပြင်မွမ်းမံဖို့နဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းဖော်ထုတ်ရေး ကော်မတီ ဖွဲ့စည်းပေးဖို့တို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ဥရောပလွှတ်တော်က လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီက ကိုယ်စားလှယ်အဖွဲ့အပြင် နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်မှုဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ ဥရောပလွှတ်တော်က အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ကော်မတီအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၅ ရက်တာ လာရောက်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ခရီးစဉ်တွေအတွင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းအပါအဝင် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနဲ့ ဆက်ဆံရေးကို အီးယူ ပြန်သုံးသပ်မည် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနဲ့ ဆက်ဆံရေးကို အီးယူ ပြန်သုံးသပ်မည် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.