နေရပ်ပြန်မယ့် ရိုဟင်ဂျာစာရင်း မြန်မာကို ဘင်္ဂလားဒေ့ရှ် ပေးအပ်


ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan အဆာဒူဇားမန် ခန် က မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မြန်မာပြည်ပြန်မယ့် ရိုဟင်ဂျာမွတ်ဆလင် ၈ဝ၃၂ ဦးရဲ့ အမည်စာရင်းတွေ မနေ့က ပေးအပ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံကို ၂ နိုင်ငံ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ သွားရောက်ကြမယ့် အဲဒီ မွတ်ဆလင်တွေဟာ အိမ်ထောင်စု ၁၆၇၃ ခု က ဖြစ်ပြီး သူတို့ထဲက ပထမဆုံး အသုတ်အဖြစ် လူ ၆၅ဝဝ ကို နောက်အပတ် အင်္ဂါနေ့မှာ မြန်မာအစိုးရဖက်က လက်ခံမယ်လို့လည်း သိရပါတယ်။

မနှစ်က သြဂုတ်လ ပဋိပက္ခတွှေနောက်ပိုင်း ရခိုင်ပြည်နယ်က ထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက နယ်ခြားဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်တဲ့ မွတ်ဆလင်ဦးရေ ၇ သိန်းနီးပါးရှိပြီး သူတို့ကို အမြန်ဆုံးပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို ပြောကြားနေပါတယ်။

ဒီအတောအတွင်းမှာပဲ ကနေဒါအစိုးရက ရခိုင်ပြည်နယ်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံး ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့မှုအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုး အပေါ်ပိတ်ဆို့အရေးယူမှုတွေ သောကြာနေ့ မနေ့က ချမှတ်လိုက်ပါတယ်။

အဲဒီအရေးယူမှုအရ ဗိုလ်ချုပ် မောင်မောင်စိုး ပိုင်ဆိုင်ပစ္စည်းတွေ ကနေဒါနိုင်ငံမှာရှိရင် သိမ်းဆီးမှာဖြစ်သလို သူနဲ့ စီးပွါးရေးအရဆက်ဆံမှုတွေကို တားဆီးလိုက်ပြီး ကနေဒါပြည်ဝင်ခွင့်လည်း ပိတ်ပင်လိုက်ပါတယ်။ ကနေဒါမှာ သူပိုင်တဲ့ ပစ္စည်းဥစ္စာ ရှိမရှိကိုတော့ မသိရပါဘူး။ ဗိုလ်ချုပ်မောင်မောင်စိုး အပေါ် အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ ဒီဇင်္ဘာလမှာ အလားတူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

အခုလို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ကြောင်း မနေ့က ကြေညာတဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland ခရစ်တီးယား ဖရီးလန်း က လူသားအဖြစ် ရှင်သန်မှုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကို ကနေဒါနိုင်ငံက လက်ခံနုတ်ပိတ်နေမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို လူမဆန်ရက်စက်မှု ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ မုချအရေးယူရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နေရပ်ပြန်မယ့် ရိုဟင်ဂျာစာရင်း မြန်မာကို ဘင်္ဂလားဒေ့ရှ် ပေးအပ် နေရပ်ပြန်မယ့် ရိုဟင်ဂျာစာရင်း မြန်မာကို ဘင်္ဂလားဒေ့ရှ် ပေးအပ် Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.