ဦးဝီရသူကို အရေးယူဖို့ တိုက်တွန်းတဲ့ သတင်းစာ ရှင်းပွဲ ရွှေ့ဆိုင်းခဲ့ရ

ဦးဝီရသူကို အရေးယူဖို့ ဦးဆောင် တောင်းဆိုတဲ့ ဦးဇင်း ခြိမ်းခြောက်ခံရ
ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့ တိုက်တွန်း တောင်းဆိုတဲ့ သတင်းစာ ရှင်းလင်းပွဲကို အမျိုးဘာသာ သာသနာ စောင့်ရှောက်သူများ အဖွဲ့က မဘသ သံဃာတော်တွေ လာရောက်ခဲ့တာကြောင့် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ မူလ လျာထားတဲ့ နေရာကနေ တခြား တနေရာကို ပြောင်းရွှေ့ ကျင်းပခဲ့ရပါတယ်။

ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့ စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယက ဦးဆောင်ပြီး သံဃာတော်တွေကို နှိုးဆော်တဲ့ သတင်းစာ ရှင်းလင်းပွဲကို မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN ရုံးခန်းမှာ ကျင်းပဖို့ မူလက စီစဉ်ထားတာပါ။

သတင်းစာ ရှင်းလင်းပွဲ လုပ်မယ့် အခန်းထဲမှာ သံဃာတော် အပါး (၃၀) လောက်နဲ့ ထောက်ခံသူတွေ၊ မီဒီယာ သတင်းသမားတွေ နဲ့ စုပြုံ ပြည့်ကျပ်နေပြီး ပွဲစခါနီး အချိန် အရောက်မှာ သတင်းစာ ရှင်းလင်းပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲစီစဉ်သူတွေက လာရောက် ပြောခဲ့ပါတယ်။

အဲဒီ့နောက် အမျိုးသားရေး သံဃာတော်တွေနဲ့ ထောက်ခံသူတွေ ပြန်သွားတဲ့ အချိန်ကျမှ ဦးဇင်း အရှင်ဣဿရိယ က တခြားတနေရာ ပြောင်းပြီး မီဒီယာတချို့နဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ဆရာတော် ဦးဝီရသူဟာ ဦးကိုနီအမှုနဲ့ ပတ်သက်လို့ တရားလိုဘက်ကို ခြိမ်းခြောက် ပြောဆိုတာတွေ ရှိသလို လူသတ်မှု ကျူးလွန်သူတွေကို ဘုရားလောင်းနဲ့ နှိုင်းပြီး ချီးကျူးတာ၊ ဂုဏ်ပြုတာတွေ လုပ်ခဲ့ကြောင်း၊ ဒါဟာ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ လုံးဝ မလျော်ညီကြောင်းနဲ့ အခုလို တဆင့်ပြီး တဆင့် ကျူးလွန်လာနေတာနဲ့ ပတ်သက်လို့ ဦးဝီရသူကို ဘယ်လို အရေးယူမှာလဲ ဆိုတာ သံဃာတော်တွေကရော ပြည်သူတွေကပါ သိလိုနေကြတယ်လို့ ဦးဇင်း အရှင်ဣဿရိယက မိန့်ပါတယ်။

ဒီသတင်းစာ ရှင်းပွဲ လုပ်မယ်ဆိုတဲ့ အတွက် စာရေးဆရာ မင်းသုည ခေါ် အရှင်ဣဿရိယကို ခြိမ်းခြောက်မှုတွေ ရှိနေပြီး ဘားအံမှာ ရှိတဲ့ ကျောင်းကိုလည်း လက်နက်ကိုင်အဖွဲ့နဲ့ လာဖယ်ရှားခိုင်းမယ် ဆိုပြီး ခြိမ်းခြောက်ခံရတယ်လို့ မိန့်ပါတယ်။

နောက်ပိုင်းမှာ မီဒီယာတွေ အစုံဖိတ်ပြီး ရှင်းလင်းပွဲ ထပ်လုပ်ဖို့ ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဦးဝီရသူကို အရေးယူဖို့ တိုက်တွန်းတဲ့ သတင်းစာ ရှင်းပွဲ ရွှေ့ဆိုင်းခဲ့ရ ဦးဝီရသူကို အရေးယူဖို့ တိုက်တွန်းတဲ့ သတင်းစာ ရှင်းပွဲ ရွှေ့ဆိုင်းခဲ့ရ Reviewed by THITHTOOLWIN on 01:58 Rating: 5
Powered by Blogger.