ရန်ကုန် Coca-Cola အလုပ်သမား ၂၀ဝ ကျော်ဆန္ဒပြ

အလုပ်အကိုင် အာမခံချက် ရဖို့ ဆန္ဒပြရတာ ဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း အလုပ်သမားသမဂ္ဂတွေနဲ့ တိုင်ပင်ပြီးမှ လုပ်သင့်
Coca-Cola ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲတခုဖြစ်တဲ့ Coca-Cola Pinya Beverages Myanmar ကုမ္ပဏီ (CCPBM) စက်ရုံက အလုပ်သမား ၁၆၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရပြီး နောက်ပိုင်း အလုပ်အကိုင် မတည်ငြိမ်မှု အပေါ် စိုးရိမ်တဲ့ မှော်ဘီနဲ့ လှိုင်သာယာမြို့နယ် စက်ရုံတွေက အလုပ်သမား ၂၀ဝ ကျော်က မှော်ဘီမြို့နယ်က ဟစ်တိုင်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က CCPBM ကုမ္ပဏီ ရဲ့ သယ်ယူ ပို့ဆောင်ရေးကဏ္ဍကို အခြား ပြင်ပ ကုမ္ပဏီ ၃ ခုကို လွှဲပြောင်းမယ်ဆိုပြီး စက်ရုံ သယ်ယူပို့ဆောင်ရေး ဌာနက ဝန်ထမ်းအားလုံးကို ရုတ်တရက် အလုပ်ထုတ်ခဲ့အပြီးမှာ အခုလို ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Coca-Cola ကုမ္ပဏီက နိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုပေမယ့်လည်း မြန်မာပြည်မှာတော့ အလုပ်အကိုင် အခွင့်အလမ်း ထိခိုက်မှုတွေ ဖြစ်တဲ့အတွက် အလုပ်အကိုင် အာမခံချက် ရဖို့ ဆန္ဒပြရတာ ဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမိုးကျော်အောင်က ဘီဘီစီကို ပြောပါတယ်။

အထုတ်ခံထားရတဲ့ အလုပ်သမားတွေဟာ လုပ်ငန်း လွှဲပြောင်းလိုက်တဲ့ ကုမ္ပဏီမှာ အလုပ်ပြန်ရဖို့ ရာနှုန်းပြည့် အာမခံချက် မရ / ဓာတ်ပုံ မူပိုင် CTUM Myanmar
အမြဲတမ်း ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားသူတွေကို ချုပ်ဆိုတဲ့ စာချုပ်မှာ အသက် ၆၀ အထိ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ပါရှိပေမယ့် ပို့ဆောင်ရေး အပိုင်းက ဝန်ထမ်းတွေ အထုတ်ခံရတာကြောင့် အလုပ်သမားတွေ မကျေနပ်ကြဘူးလို့လည်း လှိုင်သာယာ CCPBM ကုမ္ပဏီ စက်ရုံက အလုပ်သမား ခေါင်းဆောင် ဦးစိုးကိုကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

အခုလို အလုပ်ထုတ်ခံခဲ့ရတဲ့ ကိစ္စကို အလုပ်သမားတွေက ဖြေရှင်း ညှိနှိုင်းဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တဲ့အတွက် လုပ်သက် နစ်နာကြေး၊ တလ ကြိုတင် လစာနဲ့ သင်္ကြန်ဆုကြေးငွေ ပေးဖို့နဲ့ လုပ်ငန်းလွှဲပြောင်းမယ့် ကုမ္ပဏီမှာ အလုပ်လျှောက်နိုင်ရေး ကူညီဖို့ CCPBM ကုမ္ပဏီဘက်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ အထုတ်ခံရတဲ့ အလုပ်သမားတွေဟာ လုပ်ငန်း လွှဲပြောင်းလိုက်တဲ့ ကုမ္ပဏီမှာ အလုပ်ပြန်ရဖို့ ရာနှုန်းပြည့် အာမခံချက် မရတဲ့အပြင် Coca-Cola အမြဲတမ်း ဝန်ထမ်း ဘဝမှာ ရမယ့် လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေလည်း ရမှာ မဟုတ်ဘူးလို့ မြို့နယ် အလုပ်သမား ညှိနှိုင်း ဖြန်ဖြေရေး ကိုယ်စားလှယ် ဦးရဲဝင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အလုပ်သမားတွေရဲ့ တောင်းဆို ဆန္ဒပြမှုကို ကုမ္ပဏီဘက်က ဖြေရှင်းပေးတာ မရှိခဲ့ /ဓာတ်ပုံ မူပိုင် CTUM Myanmar
 ကလေးအလုပ်သမားပပျောက်ရေး အစိုးရ လုပ်ဆောင်မယ်
 တရက်အနိမ့်ဆုံးလုပ်ခ တိုးဖို့ ဆန္ဒပြ
 တနေ့လုပ်အားခ ၄၈၀၀ ကျပ်ပေးဖို့ သတ်မှတ်

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်လာတဲ့ CCPBM ကုမ္ပဏီဟာ လှိုင်သာယာနဲ့ မှော်ဘီက စက်ရုံအလုပ်သမားတွေအပြင် ပြီးခဲ့တဲ့ လပိုင်းကလည်း ပုသိမ်နဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ လုပ်ငန်း ပြန်လည် စုဖွဲ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ် ဖြုတ်တာတွေ ရှိခဲ့တယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အခုလို လက်ရှိ အလုပ်သမားတွေရဲ့ တောင်းဆို ဆန္ဒပြမှုကို ကုမ္ပဏီဘက်က ဖြေရှင်းပေးတာ မရှိခဲ့ပဲ ဝန်ထမ်းတွေ၊ အလုပ်သမား သမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပွင့်ပွင့်လင်းလင်း လုပ်ဆောင် သွားမယ်လို့ပဲ ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရန်ကုန် Coca-Cola အလုပ်သမား ၂၀ဝ ကျော်ဆန္ဒပြ ရန်ကုန် Coca-Cola အလုပ်သမား ၂၀ဝ ကျော်ဆန္ဒပြ Reviewed by THITHTOOLWIN on 02:05 Rating: 5
Powered by Blogger.