မြန်မာဘက်သို့ ထွက်ပြေးလာသည့် ဗုဒ္ဓဘာသာဝင် မိသားစု ၃၀ တွင် ၂၈ စုမှာ ဘင်္ဂလာဒေ့ရှ် စစ်တပ်၏ ဖမ်းဆီးခံရပြီး၂ စုသာ မြန်မာသို့ရောက်ရှိလာ

(ဓာတ်ပုံ-ယခင်က မောင်တောနယ်သို့ ထွက်ပြေးခိုလုံလာကြသည့် ဘင်္ဂလာဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင်များ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

ဘင်္ဂလာနိုင်ငံ ဘင်ဒရိုင်ခရိုင်မှ မြန်မာသို့ ထွက်ပြေးလာကြသည့် ဗုဒ္ဓဘာသာဝင် မိသားစု ၃၀ တွင် ၂ စုသာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ကျန် ၂၈ စုကို ဘင်္ဂလာဒေ့ရှ် စစ်တပ်က ဖမ်းဆီး ထားလိုက်သည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် မိသားစုတစ်ခုမှ အိမ်ထောင်ဦးစီးဖြစ်သူ ဦးကျော်မင်းထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ထွက်ပြေးလွတ်မြောက်လာသည့် ဦးကျော်မင်းထွန်းတို့ မိသားစုမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းနယ်၊ ဘင်ဒရိုဘင် (ရွာတော်ခရိုင်)၊ လမားမြို့နယ်၊ ဂေါ်ဇလီယာရွာမှ ဖြစ်ကြောင်း သိရသည်။

“ အခု ကျွန်တော်တို့ဒေသမှ ဒီမြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဘင်္ဂလီတွေနဲ့ အာရ်အက်အို၊ အာဆာ ပြောက်ကျားတွေက အနိုင်ကျင့်တဲ့ အတွက် လုပ်စားဖို့ မရဘူး။ နေထိုင်ဖို့ မရတာကြောင့် ဒီဘက်နိုင်ငံကို ထွက်ပြေးလာတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

သူတို့အနေဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘော်ရိုတော်လီ နယ်စပ်မှ ထွက်ပြေးလာကြောင်း၊ ၎င်းနယ်စပ်မှာ ရဲစူးအောက်ဘက်က ဝေလာတောင် ကျော်လမ်းမှ ၀င်လာခြင်းကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာပြီးနောက် အမျိုးမျိုးသော ဒေသခံ ဗုဒ္ဓဘာသာဝင်များ၊ နယ်စပ်ရှိ ရဲတပ်သားများ၏ ကူညီမှုကြောင့် ယခုအခါ မောင်တောသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသည်။

“ ထွက်ပြေးလာကြသူ မိသားစု ၃၀ ၊ လူပေါင်း ၁၀၀ ကျော် ၂၀၀ ခန့်ပါတယ်။ ကားနဲ့ ထွက်ပြေး လာကြတာပါ။ ဘင်္ဂလာဘက်ခြမ်းမှ ရဲစူး ရခိုင်ရွာ ဘော်ရိုတိုလီ လမ်းကနေ လာတာပါ။ ဘင်္ဂလာစစ်တပ်က လိုက်ဖမ်းပါတယ်။ အခု ကျွန်တော်တို့ မိသားစု တစ်စုနဲ့ နောက်တစ်စုသာ ထွက်ပြေး လွတ်မြောက်လာပါတယ်။ ကျွန်တော်မိသားစု သုံးယောက်ပါ။ နောက်မိသားစုက ခုနှစ်ယောက် ပါဝင်ပါတယ်” ဟု ဦးကျော်မင်းထွန်းက ပြောသည်။

ထွက်ပြေးလာကြသူများမှ နေရာစုံမှ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင်၊ မရှက်၊ ကျုတ်ချောင်း၊ လမား (ဂေါ်ဇလီယာ) ၊ အလယ်ခွာတောင်တို့မှ ရခိုင်- မာရမာ လူမျိုးများ ဖြစ်ကြောင်း၊ လယ်လုပ်ကိုင် ဖို့မရကြောင်း၊ အေးအေးဆေးနေထိုင်ဖို့ မရကြောင်း၊ ရခိုင်ပြည်ဘက်က ထွက်ပြေးလာသူ ရီဗျူဂျီများ ယခုအခါ အားများနေကြောင်း၊ ဘုတ်တေ (ရိုက်တယ်)၊ သတ်တယ် အမျိုးမျိုးလုပ်ကြောင်း၊ သူ၏ ညီမတစ်ဦးလည်း အမျိုးမျိုး လုပ်ခံရပြီး သတ်ဖြတ်ခံရကြောင်း၊ အခြေအနေမကောင်း၍ ထွက်ပြေး လာရခြင်းဖြစ်ကြောင်းပြောကြားသည်။

ဘင်္ဂလာစစ်တပ်မှ နယ်စပ် တရားမ၀င် ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူ ဗုဒ္ဓဘာသာ မိသားစုများမှာ ယခုအခါ အချုပ်ထဲကို ရောက်ရှိ နေသည်ဟု ကြားသိရကြောင်း ၎င်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာဘက်သို့ ထွက်ပြေးလာသည့် ဗုဒ္ဓဘာသာဝင် မိသားစု ၃၀ တွင် ၂၈ စုမှာ ဘင်္ဂလာဒေ့ရှ် စစ်တပ်၏ ဖမ်းဆီးခံရပြီး၂ စုသာ မြန်မာသို့ရောက်ရှိလာ မြန်မာဘက်သို့ ထွက်ပြေးလာသည့် ဗုဒ္ဓဘာသာဝင် မိသားစု ၃၀ တွင် ၂၈ စုမှာ ဘင်္ဂလာဒေ့ရှ် စစ်တပ်၏ ဖမ်းဆီးခံရပြီး၂ စုသာ မြန်မာသို့ရောက်ရှိလာ Reviewed by THITHTOOLWIN on 15:03 Rating: 5
Powered by Blogger.