နိုင်ငံရေးသမား ၅ဝ ကို ထိုင်း အစိုးရ စွဲချက်တင်


ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံ့အာဏာ လက်လွှတ်လိုက်ပြီး ရွေးကောက်ပွဲကတဆင့်အရပ်သား အစိုးရပြန်လည်ထူထောင်ဖို့ မကြာခင်က တောင်းဆိုဆန္ဒပြတဲ့ နိုင်ငံရေးလှုပ်ရှားသူ ၅၀ ကို စစ်တပ်အစိုးရက ရာဇ၀တ်ပြစ်မှုတွေနဲ့ စွဲချက်တင်လိုက်တယ်လို့ ထိုင်းရှေ့နေများအသင်းက သောကြာနေ့မှာ ပြောပါတယ်။

ဦးဆောင်သူ ၇ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ပြီး ၄၃ ယောက်ကိုတော့ လူ ၄၀၀ ပါဝင်ဆင်နွှဲတဲ့ ဒီ ၁၀ ရက်နေ့ကလုပ်တဲ့ ဆန္ဒပြပွဲမှာ နိုင်ငံရေးအရ လူစုလူဝေးမလုပ်ရ တားမြစ်ချက် ဖောက်ဖျက်မှုနဲ့ စွဲချက်တင်တယ်လို့ ပြောပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက စွဲချက်တင်လိုက်ပေမဲ့ မနေ့က မနက်ထိ အများပြည်သူကို မကြေညာသေးတဲ့အပြင် စွဲချက်တင်ခံရသူတချို့ကိုလည်း အသိမပေးဘူးလို့ ဆိုပါတယ်။

ဒီစွဲချက်တွေဟာ စစ်တပ်အနေအထားကို ကာကွယ်ပြီး စစ်တပ်ကိုဝေဖန်တဲ့လူတွေကို ခြိမ်းခြောက်တဲ့ သဘောသက်ရောက်တယ်လို့ ထိုင်းရှေ့နေများ အသင်းက မှတ်ချက်ပေးပါတယ်။ ထိုင်းစစ်တပ်ဟာ ရွေးကောက်ခံအစိုးရကို ၂၀၁၄ က ဖြုတ်ချလိုက်ပြီး နိုင်ငံရေးနဲ့ နွှယ်ရင် လူ ငါးယောက်ထက် ပိုမစုဝေးရလို့ တားမြစ်ထားပြီး စုဝေးရင် ထောင်ဒဏ် တနှစ်ချမှတ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဟာ တိုင်းပြည်က ဥပဒေတွေကို ပြောင်းသွားစေဖို့ တရားမ၀င်ကြိုးပမ်းတယ်လို့ သတ်မှတ်ပြီး ထောင်ဒဏ် ၇ နှစ်ထိ အပြစ်ပေးနိုင်ပါတယ်။

ဒါဟာ တလတောင်မရှိသေးဘဲ နိုင်ငံရေးလှုပ်ရှားသူတဖွဲ့ထဲက လူငယ်တွေကို ဒုတိယ အကြိမ်စွဲချက်တင်တာပါ။ တချို့ဆိုရင် အကြမ်းမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် အကြိမ်ကြိမ်စွဲချက် တင်ခံရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံရေးသမား ၅ဝ ကို ထိုင်း အစိုးရ စွဲချက်တင် နိုင်ငံရေးသမား ၅ဝ ကို ထိုင်း အစိုးရ စွဲချက်တင် Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.