အစွန်းရောက်နှိမ်နင်းရေး အီဂျစ်-အစ္စရေးလ် လက်တွဲမည်

အီဂျစ်လုံခြုံရေးရဲများကို Cairo တွင်တွေ့ရစဉ်
စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ဖူးတဲ့ အီဂျစ်နဲ့ အစ္စရေးလ်နိုင်ငံတို့ဟာ အခုတော့ ဆိုင်းနိုင်းကျွန်းဆွယ်က လက်နက်ကိုင် အစွန်းရောက်ဝါဒီတွေ ကို နှိမ်နင်းဖို့အတွက် စစ်ဘက်ချင်း ပူးပေါင်းဆောင်ရွက်နေကြပြီလို့ လေ့လာသူတွေကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက ထုတ်မပြောသလို ဘာမှ တုံ့ပြန်ပြောဆိုတာ ဒါမှမဟုတ် ငြင်းဆိုတာလည်း မရှိပါဘူး။

အီဂျစ်နိုင်ငံမြောက်ပိုင်းနဲ့ ဆိုင်းနိုင်းအလယ်ပိုင်းဒေသကို ဦးတည်ချက်ထားပြီး နိုင်ငံတဝန်းမှာ အကြမ်းဖက်ဝါဒီတွေ၊ ရာဇဝတ်သား တွေနဲ့ ဂိုဏ်းတွေကိုနှိမ်နင်းတဲ့ စစ်ဆင်ရေးကြီး စလုပ်နေပြီလို့ အီဂျစ်စစ်ဘက်ပြောခွင့်ရတွေက သောကြာနေ့မှာ ကြေညာပါတယ်။ ဆိုင်းနိုင်းအလယ်ပိုင်းဒေသက Sufi ဗလီတခုကို ပြီးခဲ့တဲ့နှစ်မှာ စစ်သွေးကြွတွေ ဝင်တိုက်တာကြောင့် ဝတ်ပြုလာသူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီစစ်ဆင်ရေးမှာ အစ္စရေးလ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အီဂျစ်စစ်ဘက်ပြောခွင့်ရတွေက ဘာမှပြောဆိုတာမရှိ ပါဘူး။ အစ္စရေးလ်နဲ့နယ်စပ်က မတည်မငြိမ်ဖြစ်နေတဲ့ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ IS အကြမ်းဖက်ဝါဒီအုပ်စုနဲ့ အဆက် အစပ်ရှိတဲ့အဖွဲ့ရဲ့နေရာတွေကို အစ္စရေးလ် ထောက်လှမ်းရေး အဝေးထိန်း ဒရုန်းယာဉ်တွေ ပျံသန်းဖို့နဲ့ လေကြောင်းတိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာကိုလုပ်ဖို့ အီဂျစ်အစိုးရက ခွင့်ပြုခဲ့တယ်ဆိုပြီး သတင်းမီဒီတွေမှာ ရေးသားဖော်ပြနေကြတာပါ။

အမေရိကန်ထုတ် The New York Times သတင်းစာမှာ ရေးထားတဲ့သတင်းတပုဒ်ကို အီဂျစ်ကြည်းတပ်ပြောခွင့်ရ ဗိုလ်မှူးကြီး Tamer a-Rafai က တနင်္ဂနွေနေ့မှာ ငြင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းမှာ အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော်လုပ်ဖို့ အီဂျစ်ကခွင့်ပြုခဲ့တယ်လို့ New York Times က ရေးထားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အစွန်းရောက်နှိမ်နင်းရေး အီဂျစ်-အစ္စရေးလ် လက်တွဲမည် အစွန်းရောက်နှိမ်နင်းရေး အီဂျစ်-အစ္စရေးလ် လက်တွဲမည် Reviewed by THITHTOOLWIN on 07:44 Rating: 5
Powered by Blogger.