ကင်မ်ဂျုံအွန်းညီမ အိုလံပစ် ဖွင့်ပွဲ လာတက်

 တောင်ကိုရီးယားသမ္မတကလည်း ကင်မ်ဂျုံအွန်းညီမကို နှုတ်ဆက်
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း၊ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ကင်ယောင်နမ်တို့ အတူ တက်ရောက်ခဲ့ ပါတယ်။

ဒီပြိုင်ပွဲမှာ မြောက်ကိုရီးယား ကိုယ်စားပြု တက်လာရောက်တဲ့ အဖွဲ့ကို မီဒီယာတွေက အထူး အာရုံစိုက် ဖော်ပြခဲ့ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမ ကင်ယိုဂျောင် (Kim Yo-jong)ကိုယ်တိုင် ပါဝင်လာခဲ့ပြီး အိုလံပစ် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ ပါတယ်။

၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲနောက်ပိုင်း မြောက်ကိုရီးယားကို အုပ်ချုပ်နေတဲ့ မိသားစုဝင်တဦး တောင်ကိုရီးယားကို ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။

ကိုရီးယား စစ်ပွဲကို အခုချိန်ထိ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒီနှစ်နိုင်ငံဟာ စစ်ဖြစ်နေဆဲ အခြေအနေဖြစ်သလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမကိုယ်တိုင် တောင်ကိုရီးယားကို လာရောက်တာက ထူးခြားမှု တခု ဖြစ်နေပါတယ်။

အသက် ၃၀ နှစ်လောက်ရှိပြီ ဖြစ်တဲ့ ကင်ယိုဂျောင်ဟာ အကို ကင်ဂျုံအွန်းနဲ့ ရင်းရင်းနှီးနှီးရှိသလို မြောက်ကိုရီးယားရဲ့ ဩဇာကြီးမားတဲ့ ပေါလစ်ဗျူရို အဖွဲ့ဝင်တဦး အဖြစ် အရင်နှစ်က ရွေးချယ် ခံထားရသူပါ။

ကင်ယိုဂျောင်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီးလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ အိုင်ဗင်ကာ ထရမ့်နဲ့ ခိုင်းနှိုင်းဖော်ပြလေ့ရှိပါတယ်။ ဒါအပြင် သူဟာ မြောက်ကိုရီးယား အစိုးရရဲ့ မူဝါဒဖြန့်ချိရေး ဌာနမှာ အရေးပါတဲ့နေရာကို ယူထားသူတဦးလို့လည်း ဆိုပါတယ်။

ကင်ဂျုံအွန်းရဲ့ တရားဝင်ခရီးစဉ်တိုင်းမှာ ကင်ယိုဂျောင်ကို အမြဲ မီဒီယာမှာ မြင်တွေ့ရလေ့ ရှိပါတယ်။

မြောက်ကိုရီးယားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်ပတ်သက်နေလို့ စွပ်စွဲခံထားရသလို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ စာရင်းမှာ ထည့်သွင်းခံထားရသူလည်း ဖြစ်ပါတယ်။

ကင်ယိုဂျောင် ကိုယ်တိုင်လာရောက်တာဟာ ကင်ဂျုံအွန်းအနေနဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုတယ်ဆိုတာကို လေးလေးနက်နက် ဖော်ပြလိုက်တာလို့ ဘီဘီစီရဲ့ တောင်ကိုးရီးယား သတင်းထောက် Laura Bickerက သုံးသပ်ပါတယ်။

ဒါအပြင် ကင်ဂျုံအွန်းဆီက သတင်းစကားတခုခုကိုလည်း ကင်ယိုဂျောင်က ယူဆောင် လာနိုင်တယ်လို့ ဆိုပါတယ်။

ကင်ယိုဂျောင် တောင်ကိုရီးယားကို လာရောက်တာကို အပြုသဘောအနေနဲ့ သုံးသပ်မှုတွေ ရှိနေသလို မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေး မလိုလားတဲ့သူတွေ ကလည်း ဖွင့်ပွဲကျင်းပနေတဲ့ ကွင်းအပြင်ဖက်မှာ ဆန္ဒပြနေကြပါတယ်။
ဖွင့်ပွဲမှာ နှစ်နိုင်ငံအားကစားသမားတွေ ပူးတွဲချီတက် ကွင်းထဲဝင်ခဲ့ကြပါတယ်။
၁၇ ရက်ကျော်ကြာ ကျင်းပမယ့် တောင်ကိုရီးယား ပြုံချမ်း အိုလံပစ်ပြိုင်ပွဲဟာ အိုလံပစ်ပြိုင်ပွဲ သမိုင်းတလျှောက်မှာ အအေးဆုံး ပြိုင်ပွဲဖြစ်သလို ပြေးခုန်ပစ် အားကစားသမား ၃ ထောင်ကျော်က အားကစားပြိုင်ပွဲ ၁၅ ခုမှာ ဝင်ပြိုင်ကြမှာလို့ သတင်းတွေက ဖော်ပြနေပါတယ်။

ပြိုင်ပွဲကျင်းပတဲ့တချို့နေရာတွေ လေတိုက်ခတ်တာကြောင့် အပူချိန် အနုတ် ၂၅ ဒီဂရီ စင်တီဂရိတ် လောက်အထိ အေးခဲတာကို ခံစားရနိုင်တယ်လို့ ဘီဘီစီရဲ့ မိုးလေဝသ ခန့်မှန်းချက်က ဆိုပါတယ်။

မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးပေါင်းထားတဲ့ အသင်းက ပြေးခုန်ပစ် အားကစား သမားတွေ အိုလံပစ်ပြိုင်ပွဲ ကျင်းပတဲ့ ပြုံချမ်း အားကစားကွင်းထဲကို အတူ ဝင်ရောက် နေရာယူခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် စီမံကိန်းကြောင့် တင်းမာနေတဲ့ ဆက်ဆံ ရေးကို လျော့ချဖို့ မြောက်နဲ့ တောင်ကိုရီးယား ပြေးခုန်ပစ် အားကစား သမားတွေ ပူးပေါင်းပြီး ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။

ဒီပြိုင်ပွဲမှာ မြောက်ကိုရီးယားက ပြေးခုန်ပစ်အားကစားသမား ၂၂ ဦး လာရောက်ခဲ့သလို ကိုယ်စားလှယ် ၄၀၀ လောက်တက်ရောက်လာပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကင်မ်ဂျုံအွန်းညီမ အိုလံပစ် ဖွင့်ပွဲ လာတက် ကင်မ်ဂျုံအွန်းညီမ အိုလံပစ် ဖွင့်ပွဲ လာတက် Reviewed by THITHTOOLWIN on 03:32 Rating: 5
Powered by Blogger.