ကျောက်ဖြစ်ရုပ်ကြွင်းများ မြန်မာနိုင်ငံမှာ ထပ်မံ တွေ့ရှိ

Photo: Xing Lida / China University of Geosciences
လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ကျော် က ရှိခဲ့တဲ့ အမြီးပါတဲ့ ပင့်ကူတစ်ကောင် နဲ့ နှစ် ၉၉ သန်း သက်တမ်းရှိတဲ့ ငှက်ပေါက်လေး တစ်ကောင် တို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မြန်မာနိုင်ငံက ရရှိတဲ့ ပယင်းတွေမှာ တွေ့ရှိခဲ့တယ်လို့ တနင်္လာနေ့က အမေရိကန်နိုင်ငံ Kansas တက္ကသိုလ် ဘူမိဗေဌာနက တင်သွင်းတဲ့ သုတေသနစာတမ်း တစ်စောင်မှာ ဖေါ်ပြထားပါတယ်။

စာတမ်းတင်သွင်းတဲ့အဖွဲ့မှာ အမေရိကန်၊ တရုတ်၊ ဗြိတိန်နဲ့ ဂျာမဏီ က ပညာရှင်တွေ ပါဝင်ပါတယ်။

တွေ့ရှိခဲ့တဲ့ အမြီးပါ ပင့်ကူမျိုးဟာ အခုချိန်မှာ မတွေ့ရတော့ဘဲ လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ ကျော် Cretaceous ခေါ် ဘူမိသက်တမ်း အလယ်ပိုင်းခေတ် အချိန်က ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ပင့်ကူရဲ့ အရွယ်ဟာ ၂.၅ မီလီမီတာရှိပြီး အမြီးက ၃ မီလီမီတာ ရှည်ပါတယ်။

အလားတူ ပယင်းထဲမှာ တွေ့ရတဲ့ ငှက်ပေါက်လေးရဲ့ ရုပ်ကြွင်းဟာ နှစ်ပေါင်း ၉၉သန်း သက်တမ်း ရှိပါတယ်။ အဲဒီငှက်ကလေးမှာ ဦးခေါင်းရိုး၊ ခါး၊ အတောင်ပံ စတဲ့ နေရာတွေက အရိုး ဖွဲ့စည်းမှု စုံစုံလင်လင် တွေ့ရှိရတာမို့ အခုလို ပြည့်စုံတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမျိုး အရင်က မတွေ့ရသေးဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။

အခုတွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မြန်မာနိုင်ငံ မြောက်ပိုင်းက ထွက်တဲ့ ပယင်းတွေထဲမှာ တွေ့ရှိရတာဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ပတ်ဝန်းကျင် ဒိုင်နိုဆောကြီးတွေ ရှင်သန်တဲ့ ခေတ်က အဲဒီဒေသဟာ အပူပိုင်း မိုးသစ်တောတွေ ထူထူထပ်ထပ်ရှိတဲ့နေရာဖြစ်တယ်လို့ ပညာရှင် တွေက ယူဆပါတယ်။

ဒါ့အပြင် ပယင်းဆိုတာဟာ အပင်တစ်မျိုးက စီးကျလာတဲ့ သစ်စေး ဖြစ်ပြီး အကောင်လေးတွေဟာ သစ်စေးအတွင်း ပိတ်မိပြီး နှစ်သန်းနဲ့ ချီကြာမြင့်ချိန်မှာ ကျောက်ဖြစ်သွားတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ကျောက်ဖြစ်ရုပ်ကြွင်းများ မြန်မာနိုင်ငံမှာ ထပ်မံ တွေ့ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ မြန်မာနိုင်ငံမှာ ထပ်မံ တွေ့ရှိ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.