ခန္တီး ရတနာမြေအတွင်း တရားဝင် ၀င်ထွက်သွားလာခွင့်ကတ်တွေ ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေနေသူတွေကို တွေ့ရစဉ်/ Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး ရတနာမြေအတွင်း ဒေသခံတွေ၊ ရေမဆေး လုပ်သားတွေနဲ့ ဝန်ထမ်းတွေ တရားဝင် ဝင်ရောက်သွားလာဖို့ တိုင်းဒေသကြီး အစိုးရက စမတ်ကဒ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး ထုတ် ပေးနေပါတယ်။

နန်စီပွန် ဒေသမှာ တစ်လနီးပါးကြာ စမတ်ကဒ်တွေ ထုတ်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ ခန္တီးမြို့ပေါ်မှာ ဆက်လက် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း က ပြောပါတယ်။

"နန်စီပွန်မှာ ကျနော်တို့ စည်ပင်သာယာ ကော်မတီရုံးဆိုတာမျိုး ဆောက်ထားတယ်။ အဲ့ဒီ အဆောက်အဦးထဲမှာ ပဲ စလုပ်နေတာ။ နန်စီပွန်ဒေသမှာကျတော့ တစ်လလုပ်ပေးမယ်။ အဲ့ဒီ တစ်လကျော်သွားရင် ခန္တီးမှာ လာလုပ်ကြ ပေါ့ OSS ရုံးမှာပဲ"

ဒေသခံတွေနဲ့ ရေမဆေး လုပ်သားတွေကို အစိမ်းရောင်၊ ကုမ္ပဏီ ဝန်ထမ်းတွေကို အဝါရောင်နဲ့ ဧည်သည်တွေကို အနီရောင်ကတ်တွေ ထုတ်ပေးမှာဖြစ်ပြီး ငွေကျပ် တစ်သောင်းကျပ် ပေးသွင်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စမတ်ကတ် ကိုင်ဆောင်ထားသူတွေဟာ နန်စီပွန်ဒေသအတွင်း ရေမဆေးကျောက် ရှာဖွေခွင့်၊ ဒေသတွင်း ကျောက်မျက် ကိုင်ဆောင်ခွင့်နဲ့ သတ်မှတ်နေရာမှာ သွားရောက် ရောင်းချခွင့်ကို တရားဝင်ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကဒ်သက်တမ်းကို တစ်နှစ် သတ်မှတ်ထားပြီး လက်ရှိမှာ ကဒ်တွေကို အရေအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကဒ် လျှောက်ထားသူတွေဟာ မှတ်ပုံတင်၊ ရဲစခန်းထောက်ခံချက်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ထောက်ခံ ချက်နဲ့ အိမ်ထောင်စုစာရင်းတွေနဲ့အတူ သွားရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ခန္တီး ရတနာမြေအတွင်း တရားဝင် ၀င်ထွက်သွားလာခွင့်ကတ်တွေ ထုတ်ပေး ခန္တီး ရတနာမြေအတွင်း တရားဝင် ၀င်ထွက်သွားလာခွင့်ကတ်တွေ ထုတ်ပေး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.